fbpx

ဘုရားကို ဘယ်သူ ဖန်ဆင်းသလဲ

whocreatedgodမကြာခဏ ဆိုသလိုပင် ယုံကြည် သူများကို မယုံကြည်သူ များက ယခုလို မေးလေ့ ရှိပါသည်။ “ဘုရားရှိကြောင်း သက်သေပြပါ“ ထိုသို့ အမေးခံရသည့်အခါတိုင်း ယုံကြည်သူများထံမှ အောက်ပါကဲ့သို့ အကျိုးအကြောင်းပြ၍ ဖြေရှင်းလေ့ရှိပါသည်။ “ တိုက်တာ အဆောက်အဦး များကို ကြည့်ပါ။ ထိုအရာများသည် သူ့အလိုအလျောက် ဖြစ်လာပါသလား? တိုက်တာ အဆောက်အဦး တစ်ခု ဖြစ်ရန် အသိဉာဏ် ရှိသော လူသားများမှ တွက်ချက်မှုများကို ပြုလုပ်၍ တည်ဆောက်ရသည်။ အသိဉာဏ်ရှိသော လူသား မပါလျှင် ထို အဆောက်အဦးတို့သည် အဘယ်ကဲ့သို့ ဖြစ်တည် လာနိုင်ပါမည်နည်း။ ထို့အတူပင် သစ်ပင်ပန်းမာန်၊ တိရိစ္ဆာန်၊ လူ အပါအ၀င် ကမ္ဘာကြီးနှင့် တကွ နေ၊ နက္ခတ်တာရာ။ စကြာ၀ဠာ သည် သူ့ အလို အလျှောက် မရှိနိုင်ပါ။ ပိုမို၍ အသိဉာဏ်ပညာ မြင့်မားသော Superior Intelligence Being (သို့) God ရှိမှသာ ဖြစ်ပေလိမ့်မည်။“ လွယ်ကူ ရှင်းလင်းသော အကျိုးအကြောင်း ပြချက်ပင် ဖြစ်သည်။ သို့ပါသော်လည်း မေးသည့်သူက တစ်ဆင့် တက်၍ ယခုလို ချောင်ပိတ် မေးမြန်းတော့သည်။ “ ထိုသို့ဆိုလျှင် ထို Intelligence Being (သို့) God ကို ဘယ်သူ ဖန်ဆင်းပါသနည်း။“

စာရေးသူ မယုံကြည်သူ ဘဝက ယုံကြည်သူ အစ်မ များကို ထိုကဲ့သို့ပင် တမင်သက်သက် ချောင်ပိတ် မေးမြန်းခဲ့သည်။ အစ်မ များက မဖြေနိုင်သောအခါ လွန်စွာမှ သဘောကျဟန်ဖြင့် ဟားတိုက် ရယ်မောခဲ့ပါသည်။ ယခု စာရေးသူ ကိုယ်တိုင် ယုံကြည်သူ ဘဝသို့ရောက်လာသောအခါ မိမိ ကိုယ်တိုင် မေးခဲ့သော ထိုမေးခွန်းသည် စာရေးသူအား ပြန်လည် ချောက်လှန့်နေတော့သည်။ မည်ကဲ့သို့ဖြေရှင်းနိုင်ပါမည်နည်း။ သိပ္ပံနည်းကျခြင်း (Scientific) ဖြစ်သည်ဟု ဆိုရာ၌ သက်သေပြခြင်း များသည် ကန့်သတ်ချက်(Limit) ရှိပါသည်။ မဆုံးနိုင်သော သက်သေများကို ပြနေရခြင်းသည် သိပ္ပံနည်းကျခြင်း (Scientific) မမည်တော့ပါ။ ဥပမာ ဆိုရပါအ့ံ။ “အရာဝတ္ထုများသည် အဘယ်ကြောင့် မြေကြီးပေါ်သို့ပြုတ်ကျရသနည်း။ အဘယ်ကြောင့်ဆိုသော် ဆွဲငင်အားကြောင့် ဖြစ်သည်။ ဆွဲငင်အားသည် အဘယ်ကဲ့သို့ ရှိရပါသနည်း။ ဒြပ်ထုများ အကြား တစ်ခုနှင့် တစ်ခု (Graviton) အားဖြင့် အပြန်အလှန် ဆွဲငင်ခြင်းကြောင့် ဖြစ်ရသည်။ (Graviton) များသည် အဘယ်ကဲ့သို့ ဖြစ်ပေါ်လာပါသနည်း။ …သည်။ …..နည်း။…သည်။…နည်း။…သည်။.. နည်း။” အထက်ပါကဲ့သို့မဆုံးနိုင်အောင် ဖြေရှင်းချက် ထုတ်ရခြင်းသည် သိပ္ပံနည်းကျ ပါ၏လော။ ရှိစေဦးတော့။ “ဘုရားကို ဘယ်သူ ဖန်ဆင်းပါသနည်း“ ဟူသည့်မေးခွန်းကို Simple Logic အားဖြင့် ယခုကဲ့သို့ ဖြေရှင်းနိုင်သည်။ (၁) နဂိုကတည်းက မည်သည့်အရာမှ မရှိလျှင် ယခု ဘာမှရှိမည် မဟုတ်ပါ။ (၂) ယခု ကျွနု်ပ်တို့ရှိနေသည်။ သို့ဖြစ်၍ နဂိုကတည်းက တစ်ခုခု ရှိနေ၍ ဖြစ်မည်။ (၃) နဂိုကတည်းက ရှိနေသော ထို တစ်ခုခုသည် စကြာ၀ဠာ (သို့) ဘုရား ဖြစ်မည်။ (၄) စကြာဝဠာသည် Big Bang သီအိုရီ အရ အစ ရှိသည်။ သို့ဖြစ်၍ နဂိုကတည်းက ရှိနေသောအရာသည် စကြာဝဠာ မဟုတ်ပါ။ (၅) စကြာဝဠာ မဟုတ်လျင် နဂိုကတည်းက ရှိနေသော အရာသည် ဘုရား သာလျှင် ဖြစ်ပေတော့သည်။ ဘုရားသခင်သည် အစအဆုံး မရှိသော၊ နဂိုကတည်းက ထာဝရ တည်နေသော၊ အမြင့်မြတ်ဆုံးသော၊ အသိဉာဏ် မြင့်မားသော သူသာ ဖြစ်တော့သတည်း။

နာမတော်မြတ်၌

လှမင်းသူ

Save