ဖာရောဘုရင်၏ သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ထိန်းလော့။

အခကို ငါပေးမည်ဟု မှာထားသည့်အတိုင်း ထိုမိန်းမသည် ကလေးကို ယူသွား၍ ထိန်းလေ၏။ (ထွက် ၂း၉)

လောကတွင် လူသားတို့၏ ဘ၀အသက်တာ၌ မိခင်များသည် အရေးပါလှပေသည်။ ပညာရှိများ၊ ပညာမဲ့များ မည်သည့်လူမျိုး မဆို မိခင်များကို ကျေးဇူးတင်ကြပါသည်။ အမေရိကန်သမ္မတ လင်ကွန်းက “ဘုရားသခင်ကို ချစ်ပြီး ကြောက်ရွံ့တတ်သည့် မိခင်များသည် မည်သည့်အခါမှ ဆင်းရဲမည်မဟုတ် ” ဟု ပြောဖူးပါသည်။ မိခင်များ အားဖြင့် သားသမီးများ ကောင်းချီးခံရကြ သည်။ ဂျေအာဒံက သူ့ဘ၀ဤသို့ ဖြစ်လာရခြင်းမှာ သူ့မိခင်ကြောင့်ဖြစ်ကြောင်း ပြောပြပါသည်။ Watson ကလည်း လူတွေဟာ မိခင်တွေလုပ်တဲ့အတိုင်း ဖြစ်လာတာပဲဟု ပြောပါသည်။ မိခင်များသည် သားဖွားခြင်းဝေဒနာကို ပြင်းစွာ ခံစားကြရသည်။ မွေးလာသော သားသမီးများမှာ လိမ္မာသည်ဖြစ်စေ၊ ဆိုးသွမ်းနေသည်ဖြစ်စေ၊ မေတ္တာမပျက်တတ်ကြ။ ကျေးဇူးမေတ္တာ ကြီးမား လှသော မိခင်များကို မိခင်များနေ့၌ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

အခြေပြုကျမ်းပိုဒ်တွင် ဖာရောဘုရင်၏သမီးက မောရှေကိုမွေးစားပြီး မောရှေ၏မိခင်ကို မိခင်မှန်းမသိဘဲ အထိန်းတော်အဖြစ် ခန့်လိုက်သည်။ ဖာရောဘုရင်၏ သမီးတော်ပြောသောစကားကိုပင် ဘုရားသခင်ကလည်း မိခင်တိုင်းကို “ ဤသူငယ်ကို ယူသွား ၍ ငါ့ဘို့ထိန်းလော့ ” ဟု ပြောနေပါသည်။ ဆာလံ ၁၂၇း၃ တွင် “ဖွားမြင်  သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်ကြ၏။ ” ဟု ဖေါ်ပြထားပါသည်။ သားသမီးရတနာသည် ဘုရားပေး မှရသောဆု ဖြစ်ပါသည်။ ဘုရားကလည်း သားသမီးကိုယူသွား၍ ငါ့ဘို့ထိန်းပါဟု ပြောပါသည်။

ဘုရားကလူကို ပွားများစေဖို့ရန် ဖန်ဆင်းထားပါသည်။ အာဗြံဟံကိုရွေးနှုတ်သည့်အခါ သားသမီးပွားများစေဖို့ ကောင်းချီးပေးပါ သည်။ ဘုရားပေးသည့် သားသမီးများကို မိခင်များက တာဝန်ယူရန် စိတ်ချစွာအပ်နှံတော်မူသည်။ ထို့ကြောင့် မိခင်များတွင် တာဝန်ရှိပေသည်။ ငါ့ဘို့ ထိန်းလော့ဟု ပြောခြင်းမှာ တခြားလူများကို မဟုတ်ဘဲ မိခင်များကို တာဝန်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးကိုခံစားရသော ထူးခြားသည့် ပုဂ္ဂိုလ်များမှာ သူတို့၏မိဘများ အထူးသဖြင့် မိခင်များမှ ငယ်ရွယ်စဉ် ကတည်းက ဆုတောင်းပေးခြင်း၊ ကျမ်းစာသွန်သင်ပေးခြင်းကြောင့် ဖြစ်ပါသည်။ တရားဟောဆရာကြီး စပါဂျင်ငယ်စဉ်က ဘုရားကိုချစ်ကြောက်သော မိခင်မှ သား အပေါ် အမြဲဆုတောင်းလျက် ကျမ်းစာသွန်သင်ပေးပြီး ကြီးထွားလာရခြင်းဖြင့် ဘုရား အသုံးပြုခြင်းခံရသူတစ်ဦး ဖြစ်လာသည်။

ယနေ့ ကမ္ဘာကြီးသည် ပျက်စီးလာပြီး တစ်ချို့မိဘများကလည်း သားသမီးများကို စားဝတ်နေရေးအတွက် ခိုင်းစေခြင်းဖြင့် သူတို့ကောင်းစားရေးကိုသာ ကြည့်ရှုခြင်းဖြင့် သားသမီးများ ဘ၀ပျက်စီးရာသို့ ရောက်ရသည်။ ဤသို့ပြောဆိုသောကြောင့် သားသမီးများကို လုံးဝမခိုင်းဘဲထားရမည် မဟုတ်ဘဲ သူတို့နှင့် သင့်တော်သည့်အလုပ်ကိုသာ ခိုင်းသင့်ပါသည်။ ဘာမျှမခိုင်းဘဲ အားလပ်လွန်းသဖြင့်လည်း ပျက်စီးရာလမ်းသို့ ရောက်သွားစေပါသည်။ မိခင်များအနေနှင့် သားသမီးများကို ထိန်းသည့်အခါ ဘုရားသခင်အတွက် ထိန်းပေးခြင်းဖြစ်သည်။

ကျမ်းစာထဲတွင် မိခင်များနှင့်ပတ်သက်၍ ဥပမာနှစ်ခုကို နှိုင်းယှဉ်ဖေါ်ပြလိုပါသည်။ ရှမွေလ၏မိခင်သည် မိခင်ကောင်းတစ်ဦး ဖြစ် သည်။ ရှမွေလအား နို့ပြတ်သည့်အခါ ဗိမာန်တော်သို့ ခေါ်လာခြင်းဖြင့် တစ်နေ့တွင် ဘုရားအသုံးပြုသော ယဇ်ပုရောဟိတ် ဖြစ်လာသည်။ အသက် (၂၂) နှစ်အရွယ်တွင် ဘုရင်ဖြစ်လာသော အာခဇိ၏မိခင် အာသလိမှာမူ မကောင်းသည့်အကြံအစည် ရှိသည့်အတိုင်း သားအားသွန်သင်ခဲ့သောကြောင့် တိုင်းပြည်ပျက်လုနီးဖြစ်ပြီး လူများ၏ မုန်းတီးခြင်းကို ခံရသည်။ နောက်ဆုံး တွင် အာသလိသည် ဓားနှင့်ခုတ်သတ်ခြင်း ခံခဲ့ရသည်။

သုတ္တံ ၂၂း၆ တွင်လည်း သားသမီးများကို ငယ်ရွယ်စဉ်မှစ၍ လမ်းမှန်ရောက်အောင် ဆုံးမသွန်သင်ဖို့ လိုအပ်ကြောင်း၊ သို့မှသာ ထိုသူငယ်သည် ကြီးသောအခါ လမ်းမှန် အတိုင်း သွားမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ လူဆိုးလူမိုက်များ ဖြစ်ရခြင်းမှာ မိခင်များ၏ မသွန်သင်မှုကြောင့် ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ သာသနာပြုဆရာ ဖရန့်စ်ဆေးဗီက သူ့လက်ထဲသို့ ကလေးတစ် ယောက်ကို (၇)နှစ်အရွယ်ထိ ပေးအပ်ပါ။ ထိုကလေးအား ကြီးသည်အထိ လမ်းမှားမရောက်ရန် အာမခံ သည်ဟု ပြောပါ သည်။ ထို့ကြောင့် မိခင်များအနေနှင့် သားသမီးများအား ငယ်ရွယ်စဉ်မှာပင် ဘုရားတရား သွန်သင်ကြပါစို့။ ဘုရားရှေ့လူရှေ့တွင် လိမ္မာရေးခြားရှိဖို့ သွန်သင်ရန် မိဘ များတွင် တာဝန်ရှိသည်။ သားသမီးများကို ဘုရားပေးသောကြောင့် ဘုရားအတွက် ထိန်းကြ ပါစို့။

အဆုံး၌ထိုသို့ထိန်းလျှင် “အခကို ငါပေးမည်” ဟု ကတိပေးထားသည်။ အလကားထိန်းခိုင်းခြင်း မဟုတ်ပါ။ မောရှေ၏မိခင်သည် ကောင်းစွာထိန်းခဲ့ခြင်းဖြင့် ဂုဏ်ယူ ဖွယ်ဖြစ်သည်။ မောရှေသည် အီဂျစ်ပြည်မှ သူ့လူမျိုးကို ကယ်တင်သည်။ ဖာရောဘုရင်ရှေ့ တွင် ရဲဝံ့စွာ ၀င်ရောက်သည်။ သူ့လူမျိုးကို ဘုရားနှင့်ဆက်သွယ်ပေးသည့်   ခေါင်းဆောင်ကောင်း ဖြစ်လာသည်။ မိခင်လည်း ချီးမွမ်းခြင်းခံရသည်။

မိခင်များသည် ဘုရားပေးထားသည့် သားသမီးများကို သမ္မာတရားအတိုင်း သွန်သင်လျက်ထိန်းခြင်းဖြင့် ဆုလက်ဆောင် အဖိုး အခကိုလည်း ခံစားရမည်။ သားသမီးများ လိမ္မာသည့်အခါ မိခင်များ ၀မ်းမြောက်ရသည်။ သားသမီးများ ချီးမြောက်ခြင်း ခံစားရ သည့်အခါ မိခင်များသည်လည်း ခံရမည်။ ထို့ကြောင့် ဘုရားပေးထားသည့် သားသမီး ရတနာများကို ဘုရားအဖို့ အကောင်းဆုံး ဖြစ်ရန် ထိန်းခြင်းဖြင့် ဘုရားရှေ့လူရှေ့မှာ မျက်နှာရသောကလေးများဖြစ်ရန် ထိန်းခြင်းဖြင့် ဘုရားပေးမည့် ဆုဖြစ် သည့် ကောင်းချီးမင်္ဂလာကို ခံစားရသော မိခင်များ ဖြစ်ကြပါစေဟု တိုက်တွန်းဝေငှလိုက်ပါသည်။

သိက္ခာတော်ရဆရာ ဦးဂျေကော့ပ် ခမ်ခန့်မုန်

 

0 Comments

You can be the first one to leave a comment.

Leave a Comment