fbpx

အကြောင်းအရင်းတချို့

ဘုရားကျောင်းက ခေါင်းလောင်းသံ ခပ်လွင်လွင်ကလေး ပျံ့လွင့်လာ ပါတယ်။ First Bellတီးနေပြီကိုး။ တကယ်တော့ နှုတ်ကျိုးနေတာပါ။ ပထမ ခေါင်းလောင်း ဒါမှမဟုတ် အကြိုခေါင်းလောင်းလို့ခေါ် ရင်ရတာပဲ။ ကိုဖိုးတေအတွက် သိပ်တော့အရေးမကြီးလှပါဘူး။ အချိန်မီရောက်ဖို့ကသာ အရေးကြီးတာ မဟုတ်လား။ ဂုဏ်ရှိန်ကြီးတဲ့သူ ဓနရှင်တွေလိုလည်း ကိုယ့်ကို အာရုံစိုက်မိအောင် နောက်ကျမှဝင် ရှေ့ဆုံးမှထိုင်ဆိုတာမျိုးလည်း ကိုဖိုးတေ မလုပ်ချင်ပါဘူး။
ပဏာမစန္ဒယားသံလေးကို နားထောင်ပြီး စိတ်ထဲမှာ စာသားတွေ ညည်းဆိုမိပါတယ်။ ကိုယ့်ရဲ့စိတ်နှလုံးကို  ပြင်ဆင်ပြီး ဝတ်ပြုခြင်းအစီအစဥ်ပါဝင်နိုင်ဖို့ပေါ့။ ဝတ်ပြုအစည်းအဝေးစဖို့ သဘာပတိက သမ္မာကျက်းစာလည်း စဖတ်ရော အနှောင့်အယှက်က စတာပဲဗျို့။ T.V ဇာတ်လမ်းတွဲထဲက ဘယ်မင်းသား ဘာဖြစ်သွားတယ်။ ဘယ်မင်းသမီးမတော့ ဟိုဟာဖြစ်နေပြီ။ ကိုယ်နားမထောင်ချင်ပေမယ့် နားထဲကို အတင်းရောဇွတ်ရော ဝင်လာတာပါပဲ။ T.V ဇာတ်လမ်းတွဲ အကြောင်း ပြီးတဲ့အချိန်မှာ သင်းအုပ်မဆရာကြီးရဲ့ ဆုတောင်းခြင်း အစီအစဥ် ရောက်နေပါပြီ။ ဆုတောင်းချက်တွေထဲမှာ အာရုံစိုက်နေတုန်း တရှပ်ရှပ်အသံတွေကြားတော့ ကိုဖိုးတေ ဖြတ်မနဲ မျက်စိဖွင့်ကြည့်မိတယ်။ ရုပ်ရှင်ရုံမှာ အားလပ်ချိန် အပေးတော့လို့ ဝတ်ပြုခြင်းအစီအစဥ်မှာ အားလပ်ချိန် လာယူကြပုံပဲ။ အပြင်ထွက်တဲ့သူနဲ့ ပြန်ဝင်လာတဲ့သူနဲ့။ လက်ယပ်ခေါ်နေတဲ့သူ၊ သင်္ကေတပြပြီး အချိတ်အဆက်လုပ်နေတဲ့သူတွေကို တွေ့ရတော့တာပါပဲ။
အစီအစဥ်ပြီးတော့ ကြားနာခဲ့ရတဲ့ နှုတ်ကပတ်တရားစကားကို မကြားယောင်ဘဲ ကိုဖိုးတေ တစ်ယောက် T.V ဇာတ်လမ်းတွဲ၊ ကမ္ဘာ့ နောက်ဆုံးသတင်းတွေကို ကြားယောင်နေမိတယ်။
**********
ဒီနေ့လိုမျိုးက မဆန်းမီအတွက် အလုပ်အရှုပ်ဆုံး နေ့ပဲ။ သားကြီးနဲ့ သမီးလတ် ဥပုသ်စာဖြေကျောင်း မသွားခင် ထမင်းကြမ်းနဲ့ ပဲပြုပ်ကိုဆီဆမ်းပြီးနယ်ပေးထား။ အငယ်လေးကို ရေချိုးပေးဖို့ လုပ်ရဦးမယ်။ လင်တော်မောင်အတွက် အကျီပုဆိုး မီးပူက မတိုက်ရသေးဘူး။ ညက မီးပျက်တာနဲ့ T.V ဇာတ်လမ်းတွဲ အဆက်မပြတ်အောင် အင်ဗာတာရှိတဲ့ ကြီးကြီးဆွေတို့အိမ်မှာ သွားကြည့်ရသေးတယ်။ အခုမှလုပ်ရမယ့်ဟာတွေကလည်း တစ်ခုပြီးတစ်ခုပဲ။
အငယ်လေးကို ရေချိုးပြီးသာနဲ့ သားကြီးနဲ့ သမီးလတ်အတွက် ထမင်းကြမ်း ခူခပ်ပြီး၊ အဆင်သင့် ထားပေးရသေးတယ်။ ကော်ဖီတောင်မဖျော်ရသေးဘူးပဲ။ ကိုဖိုးတေက မနက်စောစော ကော်ဖီသောက်ရမှ။ အိပ်ခန်းထဲက အငယ်လေး အော်နေပြန်ပြီ။ အဝတ်အစားကရွေးပေးရဦးမယ်။ ထမင်းကြမ်းနည်းနည်း ခွံ့ကွေးပြီးတဲ့ အချိန်မှာတော့ အကြီးနှစ်ယောက်က ဥပုသ်စာဖြေကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အလှူငွေ၊ မုန့်ဖိုးတည့်ပေးပြီးမှ ကလေးတွေ ကိစ္စပြီးတော့တယ်။
မဆန်းမီကတော့ မနားရသေးပါဘူး။ ထမင်းဟင်းချက်ပြုတ်ရသေးတယ်။ ကိုဖိုးတေ ရေမိုးချိုးပြီး ကော်ဖီသောက်တဲ့ အချိန်ကျမှ ထမင်းဟင်းချက်လို့ပြီးတယ်။ မီးပူတိုက်၊ ရေမိုးချိုးပြီး ကမန်းကတန်း ပြင်ဆင်ရတယ်။ ဒီအချိန်ဆို ကိုဖိုးတေက ကျမ်းစာအုပ်ကလေးဖတ်ပြီး အိမ်ရှေ့ခန်းမှာ စောင့်နေလောက်ပြီ။ ကိုဖိုးတေ လူတွေရှေ့မှာ မျက်နှာမငယ်ရအောင် မိတ်ကပ်လေး ဘာလေးတော့ ဖို့ရသေးတယ်။ ဒါပေမယ့်ဘုရားကျောင်းသွားတာဆိုတော့ နှုတ်ခမ်းနီရဲရဲ အဆိုးပါဘူး။ အိမ်ရှေ့ထွက်လာတော့ ကိုဖိုးတေ မရှိတော့ဘူး။ မစောင့်နိုင်တော့လည်း သွားနှင့်ပေါ့။ ညားခါစတုန်းနဲ့ မတူတော့ဘူးလေ။
အိမ်တံခါပိတ် သော့လတ်ပြီး ထွက်လာတော့ ဝတ်ပြုအစည်းအဝေးစဖို့ ခေါင်းလောင်းတီးနေပြီ။ နောက်ကျတဲ့အတွက် လွတ်တဲ့နေရာမှာပဲ ထိုင်ရမှာပေါ့။ အိမ်က ဘုရားကျောင်းနဲ့ နီးနေတာလည်း ကျေးဇူးတော်ပဲ။ ခုံတန်းပေါ် ထိုင်ချပြီး မျက်လုံးလေးမှိတ် သက်ပြင်းမလေးတစ်ချက်ချရင်း တစ်မနက်လုံး အခုမှပဲ နားရတော့တယ်။
*********
“ဟိုလူမကောင်းဘူးကွယ် မဆိုပါနဲ့၊ မဆုံးဖြတ်ပါနဲ့ကွယ် ကောင်းတဲ့ အရာလည်း ရှိတတ်တာပဲ။ ရှာရှာဖွေဖွေ ကြည့်စမ်းချင်တယ်”
Sunday School က ပျံ့လွင့်လာတဲ့အသံတွေ နားထောင်ရင်း ဆရာဦးလှကြိုင်တစ်ယောက် အကျေနပ်ကြီး ကျေနပ်နေမိတယ်။ နောင်တချိန် အသင်းတော်ကို ဦးဆောင်မယ့်သူတွေ အခုချိ်န်ကတည်းက ရင်းနှီးမှုတွေ တည်ဆောက်နေကြပြီလေ။ သင်းအုပ်ဆရာတစယောက်အနေနဲ့ ကလေးတွေရဲ့ တိုးတက်မှုကို အားရကျေနပ်မိပါတယ်။
တစ်ခါတလေလည်း လူကြီးတွေနဲ့ စားပြောရတာထက်ကလေးတွေနဲ့ စကားပြောရတာ ပိုသဘောကျမိတယ်။ အသင်းတော်ကောင်စီ အစည်းအဝေးကို မလေးတွေရဲ့ ရိုးသားပွင့်လင်းမှုမျိုးနဲ့ ဆွေးနွေးတိုင်ပင်ချင်မိတယ်။ တကယ်တော့ အစည်းအဝေးတွေဆိုတာကလည်း အားနည်းချက်တွေချည်ပဲ ပြောရမယ့်နေရာမှ မဟုတ်တာ အမှားတစ်ခုကို ဘယ်လို၀ိုင်းဝန်းပြုပြင်မလဲဆိုတာ စဥ်းစားသင့်တာပေါ့။
မနက်ဖြန်၊ သဘက်ခါလိုမျိုး အစည်းအဝေးဆိုရင်တော့ အဖသင်းအုပ်ဆရာဆီ ဧည့်သည်အလာ စိပ်တတ်တယ်။ သူကတော့ ဒီလို စဥ်းစားထားတယ်။ ဟိုလူကြီးက ဘာမှမသိဘဲနဲ့ လျောက်ပြောနေတာ စသည်ဖြင့် တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ခြားတစ်ယောက်က လာပြောတာလေ။ တကယ် အစည်းအဝေးလုပ်တဲ့နေ့ကြတော့ အဲဒီလူတွေအားလုံးရဲ့ အားနည်းချက်တွေ သိနေပြီးသား ဖြစ်လေတော့ ဆရာတော်လည်း ဘာမှမပြောသာဘူးပေါ့။ အင်းမလုပ်၊ အဲမလုပ်နဲ့ အများသဘောတူတာကို ခေါင်းညိတ်ရတာပဲ။ ဒါတောင် တို့ဆရာက ဘာမှလည်း မသိပါဘူးကွာ ဆိုပြီးကိုယ့်အချင်းချင်း ဘယ်နှစ်ခါလောက်ပြောပြီးပြီလည်းဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
************
Sunday School တက်ရတာကို “ငြိမ်းမမ” အရမ်းပျော်ပါတယ်။ ရှေကျမ်းချက်ကျက်၊ သီချင်းတွေဆို၊ ပုံပြင်နားထောင်နဲ့ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ သူငယ်ချင်းတွေက “မမ” လို့ အဖျားဆွတ်ခေါ်ရင် သိပ်သဘောကျ၊ ငယ်တုန်းမှာ အသက်ကြီးချင်တာက သဘာဝပဲလေ။ သူငယ်ချင်းတွေနဲ့စကားပြောရမယ်ဆိုရင် ကျန်တာအကုန်မေ့ထားလိုက်တယ်။ တစ်ခါတလေ ဆရာမရှေကျမ်းချက် ရှင်ပြနေတဲ့အချိန်မှာတောင် ခိုးပြီး စကားပြောလိုက်သေးတယ်။ ဒါပေမယ့် သူများ မကောင်းကြောင်းတော့ မပါပါဘူး။ ဟိုမင်းသားကို သဘောကျတာ။ ဘယ်မင်းသမီး ဝတ်စားထားတာ ဘယ်လိုပေါ့။ မိဖုရားဧသတာကို အားကျတဲ့ အကြောင်းတွေလည်း ပါတက််ပါတယ် ကြီးလာရင် လုဒီလို ကိုယ်ဘာဘဲလုပ်လုပ် ဘုရားကို ဦးစားပေးဖို့ ဆုံးဖြတ်ထားတယ်။
သခင်ယေရှုက လူတိုင်းကိုချစ်တယ်တဲ့။ လူတွေက ဘာလို့ သူ့ကို ပြန်မချစ်တာလည်း မသိဘူး။ တစ်ချို့ကျတော့ ချစ်တယ်လို့ ပြောပြီးသူ့စကားကိုဖြင့် နားမထောင်ကြဘူး။ ငြိမ်းမမ နားမလည်နိုင်တော့ပါဘူး။ ဒီနေ့သင်တဲ့ ရှေကျမ်းချက်ကို အရမ်းခွန်အားရတယ်။ ရှေကျမ်းချက်နဲ့ဆိုင်တဲ့ သီချင်းကို ဆိုရတာလည်း ပျော်စရာကြီး။
“ဟိုလူမကောင်းဘူးကွယ် မဆိုပါနဲ့
မဆုံးဖြတ်ပါနဲ့ကွယ်
ကောင်းတဲ့အရာလည်း ရှိတတ်တာပဲ
ရှာရှာဖွေဖွေ ကြည့်စမ်းချင်တယ်”
**********
ဘုရားကျောင်းသွားတဲ့ ကိုရင်သာမောင်ရဲ့ ခြေလှမ်းတွေ သွက်လက်နေပါတယ်။ နှုတ်ကပတ်တော် ဝေငှမယ့် ဆရာရဲ့ ဒေသနာကို စိတ်ဝင်စားမိသလို သဘာပတိလုပ်မှာ မမယ်တိုး ဖြစ်တဲ့အတွက်ကြောင့် ရင်ခုန်နေမိတယ်။ သူ့အဖြစ်က “သူမသိငါပိုး” ဖြစ်နေကိုး။
လူငယ်ခေါင်းဆောင် တစ်ယောက်ဖြစ်နေရခြင်းမှာ ဒီနေ့ အစီအစဥ် တွေ စီမံခန့်ခွဲရတာ ဒီနေ့ပေါ့ပါးနေပါတယ်။ အရင်ကဆို အစီအစဥ်တစ်ခု လုပ်ရင် လူကြီးတွေ ကြိုက်ပါ့မလား။ လူငယ်တွေကြိုက်တဲ့ ဘောင်ထဲ ဝင်ပါ့ မလား စဥ်းစားနေရတာ။
ဒီနေ့တော့ တစ်ပင်တိုင်ဂုဏ် တော်ချီးမွမ်းမယ့်သူ၊ သက်သေခံမယ့်သူ လည်း အဆင်ပြေလို့။ ဂစ်တာတီးမယ့်သူ၊ Keyboard ကီးဘုတ်တီးမယ့်သူ၊ လူစုံတက်စုံပါပဲ။ လက်ဖက်ရည်ဆိုင်များ ပိတ်လို့လားမသိဆိုပြီး ခပ်ကြောင်ကြောင် တွေးမိပါသေးတယ်။
ဒေသနာကလည်း ခွန်အားယူစရာပဲ။ ကွန်တော်တို့နဲ့ အတူရှိတဲ့ ဘုရားသခင်အကြောင်းကို ဝေငှသွားပါတယ်။ ခရစ်စမတ်ကျမ်းပိုဒ်ဆိုပြီး ခရစ်စမတ်နောက်ပိုင်း မေ့ထားမိတာ နောင်တရသလိုလိုပါပဲ။
ဝတ်ပြုခြင်းပြီးတော့ ဆရာ့ကို နှုတ်ဆက်ရင်း ခွန်အားရကြောင်း ဟန်မဆောင်ပဲ ပြောလိုက်ပါသေးတယ်။ ပြီးတော့ သဘာပတိကိုလည်း ကျေးဇူးတင်ကြောင်း ပြောရင်း တိတ်တခိုးကြည့်မိပါတယ်။ အပြံုးချိုချို ဆိုတာကို အခုမှ ခံစားမိသလိုပါပဲ။
သူငယ်ချင်းတစ်ချို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် ဝမ်းဖြည့်ကြတာလည်း ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။ လူကြီးတွေ သဘောမကျတာ မှန်ပေမယ့် လူငယ်တွေကတော့ အစာအိမ်အတွက်၊ ဦးနှောက်အတွက် အဟာရဖြစ်အောင် ထိုင်ကြတာပဲ။ ကိုရင်သာမောင် သတိထားမိတာက ရှိသေးတယ်။ အရင်က ဆိုင်ထိုင်တဲ့ကိစ္စကို ခေါ်တွေ့ပြီးတော့ကို ဆူတာ။ အခုတော့ မကျေနပ်တဲ့ အကြည့်လောက်နဲ့ပဲ ကြည့်တော့တယ်။ ကြည့်ရတာ“အဘိုးကြီးတွေ ခေတ်မမီ တော့ပါဘူးကွာ” ဆိုပြီး လူငယ်တွေ တစ်ချို့ဖြေတာ ကြားသွားတယ်နဲ့ တူပါတယ်။
*************
ဘုရားကျောင်းက ခေါင်းလောင်းသံ ခပ်လွင်လွင်ကလေး ပျံ့လွင့် လာပါတယ်။
ကိုဖိုးစော အာရုံထဲမှာ T.V ဇာတ်လမ်းတွဲထဲက မင်းသား၊ မင်းသမီးပုံရိပ်တွေ ကမ္ဘာ့ သတင်းဇာတ်ခုံကို မြင်ယောင်၊ ကြားယောင် နေတယ်။ လူကတော့ ငုတ်တုတ်ပဲ . . .
ကပြာကယာ ဝင်ထိုင်ပြီး မဆန်းမီ အမောဖြေလိုက်တယ်။ ဟိုဟိုဒီဒီ မကြည့်အားတော့ပါဘူး။ မျက်လုံးက မှိတ်ပြီးနေပြီလေ . . .
ု    ငြိမ်းမမ ရှေကျမ်းချက်ဆိုလိုက်၊ သီချင်းဆိုလိုက် ပေါ့ပေါ့ပါးပါးပေါ့။
ခြေလှမ်းတိုင်းမှာ ရင်ခုန်မှုတွေနဲ့ ကိုရင်သာမောင် ဘုရားကျောင်းကို ဦးတည်ပြီး လှမ်းလာပါတယ်။ ကျေနပ်မှုတစ်ခုကဖြင့် စိတ်ထဲမှာ . . .

အောင်အောင် (အိပ်မက်သစ်)

Save