Loading...

သခင့်ထံသို့ သွားပါ

Korean_Kitesမောင်လေး၊ ညီမလေးတို့ရေ…

“ကိုးရီးယားလူမျိုးတွေကို မင်းတို့တွေ မြင်ဖူးကြလား”လို့ မေးရင်၊ “အလိုက်တာအ့ံရောလို့” မမကို ပြန်ပြောကြမှာ မြင်ယောင်သေးတယ်။ ကိုးရီးယားဇတ်ကား ကောင်းလေးတွေကိုကြည့်ပြီး သူတို့လူမျိုးတွေကို မြင်ဖူးကြ၊ သိထားကြပြီ မဟုတ်လား။

မမလည်း သူတို့လူမျိုးတွေရဲ့ ဓလေ့တစ်ခုကို သိထားတယ်။ ပြောပြမယ်နော်။ ကိုးရီးယားလူမျိုးတွေမှာ ဓလေ့တစ်ခုရှိတယ်တဲ့။ သူတို့မေ့ပစ်ချင်တဲ့ အကျင့်ဆိုးတွေကို စွန်ကလေးတစ်ခုအပေါ်မှာ ရေးလိုက်ကြတယ်။ ပြီးတော့ အဲဒီစွန်ကလေးကို ခပ်မြင့်မြင့်ကောင်းကင်ထက်ကို လွှင့်တင်လိုက်ကြတယ်တဲ့။ ဟိုးမမြင်ရတော့တဲ့ အမြင့်တစ်နေရာကို အဲဒီစာရေးထားတဲ့စွန်ကလေး ရောက်ပြီဆိုရင်တော့၊ စွန်လွှတ်ထားတဲ့ ကြိုးကို ညှပ်ပစ်လိုက်ကြတယ်တဲ့။ စွန်ကလေးကို ကောင်းကင်လေဟာနယ်ထဲမှာ ဖျောက်ပစ်လိုက်ကြတာပေါ့။ သူတို့တွေ ဘာကြောင့်ဒီလို လုပ်ကြတာလဲလို့ စဉ်းစားမိရဲ့လား။

စွန်ကလေးက သူတို့ရဲ့အပြစ်တွေကို ဟိုးအဝေးဆီ ယူသွားပေးပြီး၊ အဲဒီလို မကောင်းတဲ့အရာတွေ အကျင့်တွေကိုလည်း နောက်ထပ် မကျူးလွန်တော့ဘူး၊ မပေါ်လာနိုင် တော့ဘူးဆိုပြီး ယုံကြည်လို့ လုပ်ကြတာတဲ့။

အဲဒီလိုလုပ်လို့ ကိုယ့်မှာရှိတဲ့ အပြစ်တွေ၊ မကောင်းတဲ့အကျင့်တွေ ပျောက်သွားနိုင်လို့လား။ မမတော့ မယုံပါဘူး။ အပြစ်တွေကို တကယ်ပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့့သူက ဘုရားသခင်တစ်ပါးတည်းသာရှိတာပါ။ လူတွေရဲ့ ခွန်အားနဲ့ ဘယ်လိုမှ မဖျောက်ဖျက်နိုင်ပါဘူး။ ဒါကြောင့်မို့လည်း ဘုရားသခင်က လူသားတွေအတွက် ကယ်တင်ရှင်သခင်ယေရှုကို ပြင်ဆင်ပေးခဲ့တာပါ။ သခင်ယေရှုကို ယုံကြည်လက်ခံသူမှသာ အသစ်သောအသက်တာနဲ့ အသစ်သော ပြုပြင်ခြင်းကိုခံရမှာပါ။

ကျမ်းစာထဲမှာလည်း အဖြစ်အပျက်တစ်ခု ရှိတယ်လေ။ တစ်ခါတုန်းက တစ်ဆယ့်နှစ်နှစ်လုံး သွေးသွန်ရောဂါဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာ ရှိသမျှဥစ္စာတွေနဲ့ ရောဂါကို ကုပေမယ့် မပျောက်တဲ့အပြင် ရောဂါတောင်ပိုတိုးလာခဲ့တယ်။ (၁၂)နှစ်တောင် ရောဂါခံစားနေရတယ်ဆိုတော့ သိပ်ပြီးစိတ်ညစ်၊ စိတ်ပျက်နေရတာပေါ့။ ဒါပေမယ့် သခင်ယေရှုရဲ့ သတင်းကိုကြားတော့ “ငါလည်းပဲ သခင်ရဲ့ အဝတ်တော်ကို တို့လိုက်ရရင်တော့၊ ငါ့ရောဂါတွေ ပျောက်သွားနိုင်တယ်”လို့ ယုံကြည်နေတယ်။အဲဒီလိုနဲ့ သခင်ယေရှုလာတော့ လူတွေတိုးနေရတဲ့ကြားကပဲ အနောက်နားကနေ သခင်ရဲ့ အဝတ်တော်ကိုတို့လိုက်တယ်တဲ့။ အဲဒီခဏလေးအချိန်မှာပဲ သူ့ရဲ့ရောဂါတွေအားလုံး ပျောက်သွားတယ်လို့ သိရှိခံစားလိုက်ရတယ်။

သခင်ယေရှုကလည်း သူ့ကိုယ်ကနေ တန်ခိုးထွက်သွားတာကို သိလိုက်တော့ ဘယ်သူတို့သလဲလို့ မေးပြီး ကြည့်လိုက်တဲ့အခါ၊ အဲဒီမိ်န်းမကလည်း ကြောက်ရွှံ့တုန်လှုပ်မှုတွေနဲ့ ကိုယ်တော့်ရှေ့မှာ ပျပ်ဝပ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့အဖြစ်ကို ပြောပြလိုက်တယ်ဆိုရင်ပဲ သခင်က “သင့်ရဲ့ ယုံကြည်ခြင်းက သင့်ရဲ့အနာကို ငြိမ်းစေပြီ”လို့ မိန့်တော်မူလိုက်တယ်။ ရောဂါသည် မိန်းမဟာ သခင့်ဆီသွားရင် ရောဂါပျောက်တယ်လို့ သိတာနဲ့ သွားခဲ့လို့(၁၂)နှစ်လုံးလုံး ခံစားခဲ့ရတဲ့ ရောဂါကနေ လွတ်မြောက်ခဲ့ရတယ်။
မောင်လေး၊ ညီမလေးတို့ရော ကိုယ်ကိုတိုင်မကြိုက်တဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်ရင် ဘုရားသခင်ကို ဆုတောင်းပြီး ပြောပြပါ။ (၁၂)နှစ်လုံး ရောဂါခံစားခဲ့ရတဲ့ မိန်းမတောင် ပျောက်ကင်းခဲ့ရပြီ။ ဒါကြောင့် မောင်လေး၊ ညီမလေးတို့မှာ ရှိတတ်တဲ့ တီဗီဂိမ်းစွဲတဲ့ အကျင့်တွေ၊ ဆေးလိပ်စွဲတဲ့အကျင့်၊ ရောဂါစွဲနေတဲ့အရာ မှန်သမျှကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တာ ဘုရားသခင် တစ်ပါးတည်းသာ ရှိတယ်ဆိုတာကို သတိရပါ။ သိပြီဆိုတာနဲ့ သခင့်ဆီသို့ တကယ်ပဲ အရောက်သွားလိုက်ပါ။
အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။

မှတ်ချက်။ ။ ကလေးပုံရိပ် ခရစ်ယာန်ရုပ်စုံမဂ္ဂဇင်း၌ ရေးသားဖော်ပြခြင်းခံရဖူးသည်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

http://kakyikhakway.blogspot.com/2011/02/blog-post_19.html မှ ကူးယူဖေါ်ပြပါသည်။

Save

Save