Loading...

ချင့်ချိန်တိုင်းတာ တွေးကြည့်စရာ

ချင့်ချိန်တိုင်းတာ တွေးကြည့်စရာ

လူတိုင်းလူတိုင်းက “ ကောင်းတာလုပ်ရင် ကောင်းတာရမည်” ဟူ၍ ဆိုတတ်ကြပါသည်။ သို့သော် လက်တွေ့တွင်ကား ထိုစကားလုံး လှလှကလေးသည် အံမဝင်ခွင်မကျ “ခွကျကျ”ဖြင့် လေထဲတွင် အိပ်ဆောက်သည့်နှယ်ပင်ဖြစ်သောကြောင့်၊ ကောင်းတာလုပ်ရင် ကောင်းတာရမည် ဆိုသော ဖြစ်နိုင်ချေရှိသည် မရှိသည်ကို လက်တွေ့ကျကျဖြင့် ဤသို့ကြည့်ရှုနိုင်ပါသည်။

၁။ အချိန်။
အချိန်မည်သည် မည်မျ အရေးကြီးကြောင်းကို ကွန်ုပ်တို့သည် သိပါသည်။ “အချိန်သည် တန်ဘိုး”  “အချိန်သည် ငွေ”  “အချိန်နှင့် ဒီရေသည် လူကိုမစောင့်” စသော စကားပုံများကို သိသည့်အားလျော်စွာ၊ ယနေ့ကောင်းတာလုပ်ရင် ကောင်းတာရမည်ဆိုသည်ကိုပင် သိသော်ငြား လည်း “မိမိတို့၏၊ စားရေး၊ နေရေး၊ ဝတ်ရေး၊ ထိုင်ရေး “ စသော အရေးများစွာအတွက် အချိန်သည် အစဥ်ခိုးယူနေလေသည်ကိုအားလုံးက သိသော်လည်း “ နောင်ခါလာ နောင်ခါစျေး” ဟူ၍ ဆိုကာ တမလွန်အရေးကိုကား လူတို့သည် ဘဝတွင် “အဓိကနေရာ” မပေးတော့ပဲ “သာမညနေရာ” တွင်ပေးကာ ယခုဘဝအတွက်ပင် ကောင်းတာရဘို့အရေး ကောင်းတာများကိုပင် မနည်း ရုန်းကန်နေကြရသောကြောင့် နောင်တမလွန်အရေးကိုကား အချိန်မလောက်ငှသောကြောင့် “ကောင်းတာလုပ်ရင် ကောင်းတာရမည်” ဆိုငြားလည်း မလုပ်ဆောင်နိုင်ကြတော့။

၂။ ပေးကမ်းလှူဒါန်းခြင်း။
“မရှိလို့ မလှူ၊ မလှူလို့မရှိ” ဆိုသော စကားသည် သမ်္မာကျမ်းစာ၌ အတိအလင်းပင်ဆိုထားလေသည်။ သို့သော် အဓိကအချက်အနေဖြင့် ပေးကမ်း လှူဒါန်းခြင်းအားဖြင့် မိမိတို့၏ တမလွန်နောင်ရေးကိုကား မည်သည့်နည်းနှင့်မျ မရနိုင်ကြောင်းကိုကား ယုံကြည်သူတိုင်း ကောင်းစွာ သိရှိရန် လိုအပ်ပေသည်။ အကြောင်းသော်ကား “သင်၏ ကုသိုလ်သည် ငါ့၏ ရှေ့တော်မှောက်၌ ညစ်သောအဝတ်နှင့် တူကြ၏” “သင်၏ ကုသိုလ် သည် သင်၏ အပြစ်ကို မကာနိုင်ရာ” စသော တရားစကားတို့သည်ကား အထူးသတိပြုသင့်သော ထာဝရ ဘုရား၏ စကားတော်ပင်ဖြစ်လေသည်။
ပေးကမ်းလှူဒါန်းခြင်းသည် ကောင်းသောအမှုဖြစ်သော်လည်း မိမိ၏ ဘဝနောင်တမလွန်အရေး အတွက် လုံလောက်သော အထောက်အမကို မပေးစွမ်းနိုင်ပါ။ အထူးသဖြင့် “ ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ၏ ” ဆိုသော စကားအတိုင်း ဘုရားနှင့် လူသည် ပြန်လည်၍ သင့်မြတ်ပေါင်းစည်းခြင်းမရှိသေးသ၍ ပြုဘူးသမျသော ကုသိုလ် ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်သာ တူညီနေကြလေသည်။

၃။ အကျင့်သီလဆောက်တည်ခြင်း။
အကျင့်သီလသည် အထက်ပါ စကားရပ်အတိုင်း ကောင်းသော အကျင့်ပင်ဖြစ်သော်လည်း ထိုကောင်းသည်ဆိုသော အကျင့်တရားတို့သည် လုံလောက်ခြင်းငှါ မစွမ်းသာပါ။ အကြောင်းအရင်းမှာ “ အပြစ်မပါပဲနှင့် ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ” ဟူ၍ ဆိုထားသည်ကို လောကီစကားပုံတို့၌ကား “ အကုသလံ ကုသလံ” ကုသိုလ်မလာမှီ အကုသိုလ် အရင်လာလေသည် ထို့ကြောင့်လည်း “ဘဲလင်း ဘဲချေ” ကုလား ရေခပ်သည်နှင့် ကုလား ဖင်ဆေးရေသည် လောက်ငှမှုကား ရှိရဲ့လား? ဆိုသော လူကြီးသူမတို့၏ စကားအတိုင်းပင် ကွနု်ပ်တို့၏ အကျင့်သီလတို့သည် လောက်ငှမှု ရှိမရှိကို လူတိုင်းတွင်ရှိသော သြတ္တပ္ပ စိတ်က ပိုသိပါသည်။

၄။ လူမစွမ်းဘုရားမ။
လူမစွမ်းနတ်မဟူသော စကားပုံကို လူတိုင်းကြားဘူးကြပါလိမ့်မည်။ လောကတွင် “မသန်းစွမ်းသူများ” ကို ကွနု်ပ်တို့တွေ့ကြံုမြင်ဘူး ကြပေမည်။ အမှန်အားဖြင့် “ မသန်မစွမ်း” ဟူသော စကားကိုသာ အစဥ်သုံးကြသော်လည်း ဤနေရာတွင် မသန်သလို၊ မိမိ မစွမ်းမှန်းသိသော တနည်း မိမိအဖြစ်မှန်ကို အရှိအတိုင်း လက်ခံကျင့်သုံးသော သူတို့အတွက်မူကား ၊ စိတ်ဓါတ်ကျစရာမလို၊ သူတို့အတွက် သင့်တော်သော လမ်းစဥ်တို့သည် အစဥ်အမြဲတွေ့နေရပြီး လောကတွင် သူတို့အတွက် ကူညီစောင်မမှုများ အစဥ်ရှိကြပါသည်။ ထို့ကြောင့်လည်း “လူမစွမ်းနတ်မ” ဟူ၍ ဆိုထားခြင်းပင်ဖြစ်သည်။
ယနေ့ ကွန်ုပ်တို့သည် မိမိတို့၏ တမလွန်နောင်ရေးအတွက်၊ “ကောင်းတာလုပ်ရင် ကောင်းတာရမည်” ဆိုသော်လည်း အချိန်၊ ကောင်းမှုကုသိုလ်၊ အကျင့်သီလ၊ စသော အရာတို့ဖြင့် မလုံမလောက်ဖြစ်ကာ မစွမ်းသာသည့်အဖြစ်ကို သိပါက။ “ကွနု်ပ်မစွမ်းသော်လည်း ဘုရားမ” တော်မူပါလိမ့်မည်။

၅။ အခွင့်သင့်မသင့်။
ထိုစကားကို အခြားအခြား သဒ္ဒါနည်းလမ်းဖြင့်ကြည့်ပါက၊ အနာဂါတ်ကာလ ကိုသာညှန်ပြနေပါသည်။ ပစ္စုပ္ပန် မဟုတ်သလို၊ အတိတ်ကာလကိုလည်း မညှန်ပြဆိုပါ။ အထူးသဖြင့် ထိုစကားလုံးကို သုံးစွဲသူတို့သည် တမလွန်နောင်ရေး အတွက် ပြောဆိုရာတွင် လက်တွေ့ကာလကို မဆိုသာပဲ အနာဂါတ်ကာကိုသာ တွင်တွင် ဆိုနေတတ်ကြလေသည်။ ထို့ကြောင့် မိမိတို့၏ တမလွန်နောင်ရေးအတွက် အထူးသင့်လျော်သော အချိန်အခါ၊ နေရာ၊ ဒေသ၊ အခွင့်အခါကောင်းသည် မနက်ဖြန်၊ သမြန်နက်ခါ၊ နောင်.. နောင်.. ဆိုသော ကာလကို မကြည့်ပဲ “ မနက်ဖြန်နေ့ကို အမှီပြု၍ မဝါကွားနှင့် ” ဆိုသောစကားအတိုင်း၊ မနက်ဖြန် မဆိုင်း ယခုအချိန်အခါကောင်းကာလတွင် ကွန်ုပ်တို့အတွက် ကောင်းသောအရာများကို လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်စားပြု လုပ်ဆောင်ပေးတော်မူခဲ့သော သခင်ယေရှုခရစ်တော်ဘုရားကို ကိုးစားယုံကြည်ခြင်းဖြင့် “နောင်အရေးကို အသင့်” ရင်ဆိုင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်