Loading...

ဗလာနတ္ထိကြီး ရှိခဲ့ပါသလား?

အချိန်၏အစနှင့် စကြာဝဠာ၏ဇစ်မြစ်အကြောင်းတွေးတောခြင်း
ဘုရားသခင်ရဲ့ သွင်ပြင်လက္ခဏာခြောက်ပါး

အစကနဦးအကြောင်းကို သင် စဉ်းစားဖူးပါသလား? သင် ဘယ်လိုဖြစ်မယ်လို့ထင်ပါသလဲ? ပထမဦးဆုံး ဖြစ်ပေါ်လာတဲ့အရာဘာမဆို။ ဒါမှမဟုတ် အချိန်အစောဆုံးကာလမှာ ဒီနေရာမှာ အရင်ဆုံးရှိခဲ့တဲ့အရာဘာမဆိုပေါ့။ သင့်ဦးနှောက်ကို ညှစ်ထုတ်ပြီးတော့ ဒီအကြောင်းအရာကို စဉ်းစားဖူးပါသလား?

ခဏလေး၊ အစကနဦးတုန်းက ဘာမှမရှိခဲ့ဘူးဆိုတာမဖြစ်နိုင်ဘူးလို့ သင်ပြောပါသလား? လွန်ခဲ့တဲ့ နှစ်ပေါင်းအသချေၤအနန္တကြာတုန်းက လုံးဝ ဘာမှမရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလား? အဲဒါ စဉ်းစားရမယ့် သီအိုရီတစ်ခုပါပဲ။ ဆိုတော့ အဲဒါကိုစဉ်းစားရအောင် — နှိုင်းယှဉ်ချက်တွေနဲ့ အရင်စဉ်းစားရအောင်။

သင့်မှာ အခန်းအကြီးကြီးတစ်ခုရှိတယ် ဆိုကြပါစို့။ အဲဒါ ဘောလုံးကွင်းတစ်ကွင်းစာလောက်ရှိပြီးတော့ အလုံပိတ်ကြီးလို့ ပြောရအောင်။ အခန်းက သော့အသေပိတ်ထားတယ်။ တံခါးမတွေ၊ ပြတင်းပေါက်တွေမရှိ၊ နံရံမှာတောင် အပေါက်လေးတွေမရှိဘူး။

အခန်းထဲမှာ ဘာမှမရှိဘူး။ ဗလာနတ္ထိ။ ဘာကိုဘာမှမရှိဘူး။ လေလည်းမရှိ။ မြေလည်းမရှိ။ အလင်းရောင်လည်းမရှိ။ အထဲမှာမှောင်အတိကျနေတဲ့ အလုံပိတ်အခန်းပေါ့။ အဲဒီခါ ဘာဖြစ်လာမလဲ?

ဟုတ်ပြီ၊ သင်လုပ်ရမှာက အခန်းထဲမှာ တစ်ခုခုရှိလာဖို့ — ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် စည်းကမ်းချက်တွေက- အဲဒါလုပ်ဖို့ အခန်းအပြင်ကပစ္စည်း ဘာတစ်ခုမှ ယူမသုံးရဘူး။ ကဲ သင် ဘယ်လိုလုပ်မလဲ?

ဟုတ်ပြီ၊ သင်စဉ်းစားမယ်၊ အခန်းထဲမှာ မီးတောက်လေးတစ်ခု ဖန်တီးရင်ကော? ဒါဆို အခန်းက အလင်းရောင် ရှိသွားမယ်၊ ခဏလေးဖြစ်ဖြစ်လေ။ တစ်ခုခုတော့ အကျိုးရှိတာပေါ့။ အဲ၊ ဒါပေမယ့် သင်ကအပြင်မှာ ရှိနေတယ်လေ။ ဒီတော့ အဲဒါ ခွင့်မပြုဘူး။

အဲ၊ သင် ပြောလိမ့်မယ်၊ အခန်းထဲကို Star Trek ဇာတ်လမ်းတွဲထဲကအတိုင်း အရာဝတ္ထုတစ်ခုခုကို တယ်လီပို့နည်း (လျှပ်စစ်သိပ္ပံနည်းနဲ့ တစ်နေရာကနေ တစ်နေရာကို လူ၊ ပစ္စည်းတွေ အမြန်ရောက်နိုင်တဲ့နည်း) နဲ့ အထဲကို ပို့နိုင်ရင်ကော? အဲဒါလည်း မရဘူး။ ဘာလို့လဲဆိုတော့ သင်က အခန်းအပြင်ဘက်က ပစ္စည်းတွေသုံးမလို့လေ။

အဲဒီမှာ ဘေးကျပ်နံကျပ်ဖြစ်ရော- အခန်းထဲမှာရှိတဲ့အရာကိုပဲသုံးပြီးတော့ တစ်ခုခုရှိလာအောင် လုပ်ရမယ်။ ပြီးတော့ အဲလိုလုပ်ဖို့က အခန်းထဲမှာရှိတာက ဗလာနတ္ထိ။

ဟုတ်ပြီ၊ သင်ပြောလိမ့်မယ်။ အချိန်အလုံအလောက်ပေးမယ်ဆိုရင် အခန်းထဲမှာ အရာဝတ္ထု အမှုန်အမွှားလေးတစ်ခုလောက်တော့ သူ့အလိုလို ပေါ်လာနိုင်လိမ့်မယ်လို့။

ဒီ သီအိုရီမှာ ပြဿနာသုံးခုရှိပါတယ်။ ပထမ၊ အချိန်က သူ့ဟာသူဆို ဘာမှလုပ်နိုင်စွမ်း မရှိပါဘူး။ အဖြစ်အပျက်တွေကသာ အချိန်ထဲမှာဖြစ်ပျက်တာပါ၊ အချိန်က အဖြစ်အပျက်ဖြစ်လာအောင် လုပ်ပေးတာ မဟုတ်ပါဘူး။ ဥပမာ၊ သင် ကွတ်ကီးမုန့်ဖုတ်ဖို့ ၁၅မိနစ်စောင့်တယ်။ အဲဒီအချိန် ၁၅မိနစ်က မုန့်ကိုဖုတ်တာ မဟုတ်ဘူး။ ဒယ်အိုးထဲကအပူက ဖုတ်တာပါ။ မုန့်တွေကို ၁၅မိနစ်လောက် စားပွဲတင်ကြည့်လေ၊ ကျက်လာမှာမှ မဟုတ်တာ။

ကျနော်တို့ရဲ့ဥပမာနှိုင်းယှဉ်ချက်က အထဲမှာဘာမှမရှိတဲ့ အလုံပိတ်ခန်းနော်။ ၁၅မိနစ်စောင့်တာက သူ့ဟာသူ ဘာအခြေအနေမှကို မပြောင်းလဲစေပါဘူး။ ဒါဆို သင်ပြောမယ်၊ ကပ်ကမ္ဘာတွေကြာတဲအထိစောင့်ရင်ကော? ကပ်ကမ္ဘာတစ်ခုဆိုတာလည်း အဲဒီ ၁၅မိနစ်စာတွေ အများကြီးစုစည်းထားတာပဲလေ။ စားပွဲပေါ်ကွတ်ကီးမုန့် တင်ပြီး တစ်ကမ္ဘာစောင့်မယ်ဆိုလည်း အဲဒီတစ်ကမ္ဘာက ကွတ်ကီးမုန့် တွေကို ဖုတ်မှာလား?

ဒုတိယပြဿနာကတော့ဒီဟာပါ- အဲဒီအခန်းလွတ်ထဲမှာ ဘာကြောင့် တစ်ခုခု “ပေါ်လာ” ရမှာလဲ? ပေါ်လာဖို့ရာ အကြောင်းရင်းတစ်ခုခု့ရှိမှရမှာပေါ့။ အခန်းထဲမှာမှ ဘာမှမရှိတာကို။ အဲဒါဆို ဒီအတိုင်းကြီးဖြစ်နေမယ့်အစား ဘာလုပ်ရမလဲ? တစ်ခုခုဖြစ်ပေါ်လာအောင်လုပ်ဖို့ရာ အခန်းထဲမှာ ဘာတစ်ခုခုမှ ရှိလာမှာမှမဟုတ်တာ။ (ဒါပေမယ့် အခန်းထဲကနေပဲ စရမှာလေ။)

သင်ပြောမယ်၊ အမှုန်လေးတစ်စက်လောက်ဆိုရင်ကော? အဲဒါက ဘောလုံးအရွယ်လောက် ကြီးလာအောင် အခန်းထဲမှာ သူ့အလိုလို ပုံစံပြောင်းဖို့အခွင့်အရေး မရှိနိုင်ဘူးလား?

အဲဒီဟာက တတိယပြဿနာကိုသယ်လာပါတယ်- အရွယ်အစားလေ။ အချိန်လိုပဲ အရွယ်အစားကလည်း စိတ္တဇပါပဲ။ သူလည်း မှီငြမ်းဆက်စပ်တဲ့ဟာပဲ။ သင့်မှာ အရွယ်မတူတဲ့ ဘေ့စ်ဘောသုံးလုံးရှိတယ်ဆိုပါစို့… တစ်ခုက ဆယ်ပေလောက်ကြီးတယ်။ တစ်ခုက ငါးပေကြီးတယ်။ နောက်တစ်ခုတော့ ပုံမှန်အရွယ်အစား။ အခန်းထဲမှာ ဘယ်ဟာက ပုံသဏ္ဌာန်ပြောင်းဖို့ ပိုလွယ်မယ်ထင်သလဲ?

ပုံမှန်အရွယ်အစားနဲ့ဘောလုံးလား? မဟုတ်ဘူး! သုံးခုစလုံးက ဖြစ်နိုင်ခြေအတူတူတွေပဲ။ အရွယ်အစားက အရေးမကြီးပါဘူး။ အဲဒါပြဿနာမဟုတ်ဘူး။ ပြဿနာက အလုံပိတ်ဗလာခန်းထဲမှာ ဘယ်အရွယ်ရှိတဲ့ ဘယ်ဘေ့စ်ဘောပဲဖြစ်ဖြစ် “ပေါ်လာ” နိုင်မလား၊ မလာနိုင်ဘူးလားဆိုတာပါပဲ။

အငယ်ဆုံးဘေ့စ်ဘောတောင် ပေါ်မလာနိုင်ဘူးလို့ သင်ထင်တယ်ဆိုရင် အချိန်တွေဘယ်လောက်ပဲကြာကြာ၊ အက်တမ်တစ်ခုတောင် ပေါ်မလာနိုင်ဘူးလို့ သင်ကောက်ချက်ချရတော့မှာပဲ။ အရွယ်အစားက အဓိကမဟုတ်ပါဘူး။ အကြောင်းရင်းမရှိဘဲ ပစ္စည်းအမှုန်တစ်ခုတောင်မှ ပုံစံပြောင်းလာဖို့ဖြစ်နိုင်ချေရှိ/မရှိဆိုတာ အကြောင်းရင်းမရှိဘဲ ရေခဲသေတ္တာတစ်လုံးလောက် ပုံစံပြောင်းဖို့နဲ့ ဘာမှမထူးပါဘူး!

ကဲ- ကျနော်တို့ရဲ့ဥပမာကို ပိုချဲ့ကြည့်ရအောင်။ ကျနော်တို့ရဲ့ ပိန်းပိတ် မဲမှောင်နေတဲ့အခန်းကြီးကို ဒီအတိုင်းထားပြီး သူ့နံရံတွေကိုဖယ်ပစ်လိုက်ရအောင်။ အခန်းကိုလည်းချဲ့လိုက်ရအောင်။ ဒါဆို သူ့ရပ်ညွှန်းအားလုံးက အဆုံးမဲ့ကားထွက်သွားပြီ။ ကဲ အခု အခန်းပြင်ဖက်မှာလည်း ဘာမှမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ အားလုံးကို အခန်းကနေရာယူထားပြီလေ။ အဲဒါပါပဲ။

ဒီ အတိုင်းအဆမဲ့ အမှောင်ခန်းကြီးဟာ အလင်းမရှိ၊ မြေကြီးမရှိ၊ ဘာပစ္စည်းအမှုန်အမွှားမှ မရှိ၊ လေမရှိ၊ ဒြပ်စင်တွေမရှိ၊ မော်လီကျူးလ်တွေမရှိ၊ လုံးဝ ဗလာနတ္ထိ အလျဉ်းမရှိပါ။ တကယ်တော့ ကျနော်တို့ အဲဒီဟာလာဟင်းလင်းကို ဗလာနတ္ထိကြီးလို့ ခေါ်နိုင်ပါတယ်။

ဒါဆို မေးခွန်းကတော့- အစကနဦး — လွန်ခဲ့တဲ့နှစ်အသချေၤ — က ဗလာနတ္ထိကြီး ဖြစ်ခဲ့တယ်ဆိုရင် အခုရော ဗလာနတ္ထိကြီးပဲ ရှိမနေရဘူးလား?

ဟုတ်ကဲ့။ တစ်ခုခုဟာ — ဘယ်လောက်ပဲသေးငယ်ပါစေ — ဗလာနတ္ထိထဲကနေ ဖြစ်မလာနိုင်တဲ့အတွက်ပါပဲ၊ ကျနော်တို့ အခုထိ ဗလာနတ္ထိပဲ ရှိနေရမှာဖြစ်ပါတယ်။

အဲဒီ ဗလာနတ္ထိကြီးက ကျနော်တို့ကို ဘာပြောနေသလဲ? အဲဒီ ဗလာနတ္ထိဆိုတာကိုက မရှိခဲ့ပါဘူးတဲ့။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ဗလာနတ္ထိကြီးရှိခဲ့တယ်ဆိုရင် ခုထိ ဗလာနတ္ထိကြီးပဲ ရှိနေတော့မှာပေါ့!

ဗလာနတ္ထိကြီးရှိခဲ့တယ်ဆိုရင် အဲဒီထဲကနေ အရာရာရှိလာဖို့ တစ်ခုခုတော့ရှိရမယ်လေ။

ပြီးတော့ ဗလာနတ္ထိကြီးရှိခဲ့တယ်ဆိုရင်လည်း ခုထိ အဲဒီ ဗလာနတ္ထိကြီးပဲ ရှိနေဦးမှာပေါ့။

ဒါပေမယ့် ကြည့်လေ၊ အခု တစ်စုံတစ်ခုတည်ရှိတယ်လေ။ ရှိတာမှ အများကြီးကိုရှိတာပါ။ ဥပမာ၊ သင်ဟာ တည်ရှိတဲ့အရာ တစ်စုံတစ်ခု၊ အလွန်အရေးပါတဲ့တစ်စုံတစ်ခုပါ။ ဒါကြောင့် သင်ဟာ ဗလာနတ္ထိကြီးဆိုတာ လုံးဝ မတည်ရှိခဲ့ဘူးဆိုတဲ့ သက်သေပါပဲ။

ကဲ- တကယ်လို့ ဗလာနတ္ထိကြီး လုံးဝမရှိခဲ့ဘူးဆိုရင်တော့ အနည်းဆုံး တစ်ခုခုတော့ အစဉ်တည်ရှိနေခဲ့တယ် ဆိုတဲ့သဘောပဲ။ အဲဒါဆို ဘာလဲ?

တစ်ခုတည်းလား၊ အများကြီးလား? အက်တမ်လား? အမှုန်လေးလား? မော်လီကျူးလ်လား? ဘောလုံးလား? သန္ဓေပြောင်းဘေ့စ်ဘောလား? ရေခဲသေတ္တာလား? ကွတ်ကီးမုန့်တွေလား?

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်