Loading...

မဖြစ်နိုင်ဘူးဆိုတာ တကယ်လား?

အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြလိမ့်မည်ဟု ဆိုလျက် ငါတို့ကိုခြိမ်းခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍ အားရှိ၏။ နေဟမိ ၆း၉

လူတိုင်းမှာ ရည်ရွယ်ချက်တစ်ခု ပန်းတိုင်တစ်ခုစီ ရှိတတ်ကြတယ်။ အဲဒီ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ဖို့အတွက်လည်း ကြိုးစားလုပ်ကိုင်ကြတယ်။ ဒါပေမယ့် ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားရင်း တစ်ခါတလေ ပန်းတိုင်ပျောက်မလိုလို ဖြစ်တတ်ကြပြန်တယ်။ ကြိုးစားသမျ သဲရေကျ ဆိုသလိုမျိုးပေါ့။ အဆိုးဆုံးကတော့ ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့မှု ကြံုရရခြင်းပဲ။ မင်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူးကွာ။ လုပ်မနေပါနဲ့။ မင်းကြိုးစားနေရင်လည်း အလကားပါပဲ။ စသဖြင့် ဝေဖန်သံတွေ ကြားရတဲ့အခါ ပိုပြီး စိတ်ဓာတ်ကျ အားပျက်သွားတတ်ကြတယ်မဟုတ်လား။ ဒီလိုအဖြစ်မျိုး ကြံုခဲ့ရတဲ့ ကျမ်းစာထဲက ပုဂ္ဂိုလ်တစ်ယောက်ကြောင်း ပြောပြချင်တယ်။ သူဘယ်လို ကျော်လွားအောင်မြင်ခဲ့သလဲဆိုတာ ခွန်အားယူနိုင်ဖို့ပေါ့။
တကယ်တော့ သမ္မာကျမ်းစာဟာ တို့ဘဝအတွက် လမ်းပြပါ။ ဆာလံ ၁၁၉း၁၀၅ မှာ နှုတ်ကပတ်တော်သည် အကျန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊ လို့ပြောထားတယ်။ သမ္မာကျမ်းစာရဲ့ လမ်းပြမှုအတိုင်းသွားရင် ဘဝမှာ အောင်မြင်မှာ အသေအချာပဲ။
သူ့နာမည်က နေဟမိလို့ခေါ်တယ်။ တိုင်းတပါးကို ဖမ်းဆီးခံထားရတဲ့သူပေါ့။ သူဟာ ဘုရားကို ယုံကြည်အားကိုးတစ်ယောက်။ ယေရုရှလင်မြို့ရိုးကြီး ပြိုပျက်နေတယ်ဆိုတဲ့သတင်း ကြားတော့ မြို့ရိုးကို ပြန်လည်တည်ဆောက်ဖို့ စိတ်အားပြင်းပြခဲ့သူဖြစ်တယ်။ ဒါနဲ့ မြို့ရိုးကြီးကို ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တယ်ဆိုပါတော့။ အကျယ်ကိုတော့ နေဟမိမှတ်စာကို ပြန်လည် ဖတ်ကြည့်စေချင်တယ်။
ဒီနေရာမှာ အဓိကပြောပြချင်တာက မြို့ရိုးပြန်လည်တည်ဆောက်ရာမှာ နေဟမိကြံုတွေ့ရတဲ့ အခက်အခဲကိုပါ။ မြို့ရိုးစတည်ဆောက်တာနဲ့ သူ့မှာ အတားအဆီးအမျိုးမျိုးကို ကြံုတွေ့ရတယ်။ နေဟမိရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးဖို့ ရန်သူတွေက အမျိုးမျိုးကြိုးစားကြတယ်။ တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်။သမ္ဘာလက်နဲ့ တောဘိတို့က အဆိုးဆုံးပဲ။ သူတို့က နေဟမိကိုပြောတယ်။ မင်းဒီမြို့ရိုးကို ပြီးအောင်လုပ်နိုင်မှာ မဟုတ်ပါဘူးကွာ။ တဲ့။ အဲဒါနဲ့ နေဟမိက အင်း ဟုတ်မယ်ထင်တယ်လို့ မပြောခဲ့ဘူး။ စိတ်ဓာတ်ကျမသွားဘူး။ ဘာပြန်ပြောသလဲဆိုတော့ ဒီစကားကြောင့် ငါပိုပြီး အားရှိလာတယ်။ လို့ ပြန်ပြောတယ်။
ကဲ ဘယ်လိုလဲ။ တို့ကတော့ တို့လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်လို့ အပြောခံရရင် စိတ်ဓာတ်ကျပြီး အားပျက်သွားတတ်တယ် မဟုတ်လား။ နေဟမိကတော့ အဲဒီလို လူစားမျိုး မဟုတ်ဘူးနော်။ ဝေဖန်ကဲ့ရဲ့ ပြစ်တင်စကားတွေကို ခွန်အားအဖြစ် ပြောင်းလဲယူပစ်လိုက်တယ် ဆိုတာတွေ့ရတယ်။ ကိုယ့်ရဲ့ ရည်ရှယ်ချက်၊ ပန်းတိုင်ရောက်ဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ အမျိုးမျိုးသော ကဲ့ရဲ့ဝေဖန်သံတွေကို ကြားရမှာပဲ။ အဲဒီအခါမျိုးမှာ နေဟမိလိုမျိုး ခွန်အားအဖြစ်ပြောင်းလဲ ယူတတ်ဖို့ အရမ်းအရေးကြီးတယ်။ ဒါမှ ရည်ရှယ်ချက်ပန်းတိုင်ကို အမှန်ရောက်ရှိမှာပေါ့။
နေဟမိအသက်တာမှာ အဲဒီလို ကဲ့ရဲ့ ပြစ်တင် ဝေဖန်သံတွေကို ခွန်အားအဖြစ် ပြောင်းလဲ ယူပစ်လိုက်နိုင်တာ လျို့ဝှက်ချက်ရှိတယ်။ အဲဒါကတော့ ဘုရားသခင်နဲ့ မပြတ်အဆက်အသွယ်လုပ်နေခြင်းပဲ။ မြို့ရိုးပြန်လည်တည်ဆောက်ဖို့ စိတ်ကူးမိတဲ့ အချိန်ကစလို့ ပြီးတဲ့အထိ နေဟမိဟာ အခြေအနေတိုင်းအတွက် ဘုရားနဲ့စကားပြောခဲ့တယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်လည်း နောက်ဆုံး မြို့ရိုးတည်ဆောက်ပြီးသွားတဲ့အခါ ဘုရားအခွင့်နဲ့ပြီးကြောင်း လူတိုင်းက သိနေကြတာပေါ့။
တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိခြင်းဟာ ဘုရားအခွင့်နဲ့ ပြီးကြောင်း လူတိုင်း ရိပ်မိပါစေ။

ထိုသိတင်းကို ရန်သူတို့သည် ကြား၍၊ ပတ်လည်ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကိုမြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ရောက်ကြ၏။အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့်အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။ နေဟမိ ၆း၁၆