Loading...

ပြန်ဆုံမည့်ညနေ

(၁)
လူငယ်ခေါင်းဆောင်မှင့်တင်ရေသင်တန်းတစ်ခုတွင် သူနှင့်မွန်း စတင်သိကွမ်းခဲ့ရသည်။ သင်တန်းစတင်ပြီး ဒုတိယမြောက်နေ့တွင်ပေါ့ . . .
(၂)
“ကွန်တော်ဒီမှာထိုင်မယ်နော်”
ပြောပြောဆိုဆိုနဲ့ မွန်း၏ ညာဘက်ခုံတွင် ဝင်ထိုင်လိုက်သော သူ့ကို ငဲ့စောင်းကြည့်လိုက်သည်။ ရှပ်လက်ရှည်နို့စိမ်းရောင် ဖျော့ဖျော့နှင့် ကချင်ပုဆိုးကို ဝတ်ဆင်ထားသော အသားခပ်ညိုညိုနှင့်ထိုသူကို ကြည့်ကောင်းသောသူတစ်ယောက်အဖြစ်စိတ်ထဲမှ ချီးမွမ်းလိုက်မိသည်။
ကွန်တော့်နာမည် ဂွတ် ပါ . . ဒီမနက်မှတောင်းကြီးကရောက်တာလေ”
“ဟုတ်ကဲ့ . .”ထိုမျသာပြန်ပြောပြီး သင်ခန်းစာ စာရွက်ကို ငုံ့ဖတ်နေလိုက်သည်။ သူကတော့် သူ့ညာဘက်ခုံမှ သင်တန်းသား တစ်ယောက်နှင့် မိတ်ဆက်ကာ စကားတွေ ဖောင်ဖွဲ့နေတော့သည်။
“သြော် . .ရုပ်ကလည်းချော၊ ဆက်ဆံရေးလည်းကောင်းတဲ့သူပဲ”
သင်တန်းမှ စားပွဲများမှာတစ်လုံးခုံများမဟုတ်၍ မွန်း အဖို့ အခက် တွေ့နေရပြန် သည်။ “ဂွန်” ဟု သူ့ကိုယ်သူမိတ်ဆက်သည့် ကိုယ်တော်ချော်က ဘယ်သန်သူ၊ ထို့ကြောင့် ညာသန်သူမွန်း၏လက်က သူ့ဘယ်လက်နှင့် မကြာခဏတိုက်မိနေ၏၊ သူကတော့ဘာမှသတိ ထားမိပုံမပေါ်၊ သင်ခန်းစာများကိုသာ အာရုံစိုက်၍ ရေးမှတ်နေသည်။
“ဒီမှာ . . .ရှင့်လက် ဟိုဘက်နည်းနည်းတိုးလု့ိ မရဘူးလား” သူများတွေမကြားအောင် တိတ်တိတ်လေးရန်တွေ့လိုက်သည်။
“ဟာ . .ဆောရီး . . .ဆောရီး”
သူက တစ်ဖက်သို့အနည်းငယ်တိုးပေးသည်။
“တီရှပ်ရပြီးပြီလား”
“ဟုတ်”
“ထမင်းစားချိနကျမှပဲ အေးအေးဆေးဆေး မိတ်ဆက်တော့မယ်နော်”
မွန်း ခေါင်းငြိမ့်ရုံငြိမ့်လိုက်သကုည်။ စိတ်ထဲတွင်တော့ တော်တော်စကား များတဲ့သူပဲဟု ကောက်ချက်ချလိုက်မိပါတော့သည်။
(၃)
“မွန်း ဆိုတော့ လမင်းကြီးပေါ့နော်”
ကိုဂွန်က ထိုသို့ပြောလာတော့ ဟန်မဆောင်နိုင်ပဲ ရယ်လိုက်သည်။
“အဲဒါ ပါပါး ပေးတဲ့နာမည်လေ”
“ဘာလဲ . . .မွန်းကို လပေါ်မှာမွေးလို့လား”
“ကိုဂွန်က အရမ်းနောက်တတ်တာပဲနော်”
ဒီလိုပဲပေါ့ မွန်းရာ . . .လောကကြီးမှာ ကြံဖန်ပြီးပျော်နေရတာပေါ့” သူ့မျက်နှာတွင် ဝမ်းနည်းရိပ်များပေါ်လာသည်။ ထို့နောက်
“ညနေကျရင် ကန်ဘောင်မှာ ဘူးသီကြော်သွားစားကြရအောင် . .ကွန်တော်ဝယ် ကွေးမယ်လေ”သူကားလွဲလိုက်မှန်း မွန်းသိသည်။
သြော် . . .ကိုဂွန်ဆီမှာ ဘယ်လိုဝမ်းနည်းစရာတွေများရှိနေပါလိမ့် . .
ဒီနေ့ ကိုဂွန်ဝယ်ကွေးမယ်ဆိုတော့ နောက်နေ့မှာ မွန်းပြန်ဝယ်ကွေးမယ်နော်”
“မလိုပါဘူး ညီမလေးရယ် . .အချင်းချင်းတွေပဲ”
ဒီလိုနဲ့ မွန်းတို့နှစ်ယောက် အတွဲညီသွားကြသည်။
ထိုညနေ . .
အင်းလျားကန်ရေပြင်ကိုဖြတ်၍ အေးအေးညှင်သာ တိုက်ခတ်လာသော လေနုအေးကြောင့် မွန်းရဲ့စိတ်များ ကြည်လင် လန်းဆန်းလာသည်။ ကန်ဘောင်တစ်လျောက် လမ်းလျောက် ကြရင်း ကိုဂွန်က မွန်းကို ရယ်စရာ ပုံပြင်တိုလေးများပြောပြရှာသည်။
“မွန်းရေ . .လမင်းကြီးကိုတွေ့တိုင်း ညီမလေးကို သတိရမယ်နော်”
“ဘာလဲ . .မတွေ့ရင်တော့ သတိမရဘူးပေါ့ ဒီလိုလား . .”
“ဟာ . .မဟုတ်ပါဘူး . .သင်တန်းပြီးရင် တောင်ကြီးကို ဲလိုက်လည်ပါလား၊ ဟို မှာက အရမ်းနေလို့ကောင်းတယ်၊ တောင်တန်းတွေနဲ့ မြူတွေကိုတွေ့ရင် ညီမလေးသဘော ကျမှာ သေချာတယ်”
“မွန်းလည်း တောင်ကြီးကိုတစ်ခါမှ မရောက်ဖူးလို့ လာလည်ချင်ပါတယ်၊ နောက်မှ မွန်းသူငယ်ချင်းတွေနဲ့ လာလည်မယ်နော်၊ အဲဒီအချိန် ကျရင်ပုန်းနေမှာလား”
“စိတ်ချပုန်းနေမယ် . .ဟာမှားလို့ ပုန်းမနေပါဘူးကွာ။ ညီမလေးတို့လာရင်တောင်းကြီးတစ်မြို့ လုံးလိုက်ပို့ပေးမယ် . .တကယ်လာခဲ့နော် ကွန်တော်မျော်နေမယ်”
“သြော် ကိုဂွန်ရယ်” မွန်း စိတ်ထဲမှရေရွတ်လိုက်မိသည်။ သံယောဇဥ်နှောင်ကြိုးလေး တစ်ကြိုးက မွန်း ရင်ထဲသို့ ရစ်ပတ် ဝင်ရောက်လာပြီလား . .မသိ . .
အို . . မဖြစ်နိုင်ပါဘူး . .သံသယစိတ်များကို ဖယ်ထုတ်ကာ ရေပြင်ကိုဖြတ်၍ တိုက်ခတ်လာသော လေအေးလေးများကို တစ်ဝကြီးရှူရှိုက်လိုက်ပါသည်။
(၄)
ခေါင်းဆောင်မှင့်တင်မှုသင်တန်းပြီး၍ အားလုံးပြန်ရန်အသီးသီး ပြင်ဆင်နေကြ သည်။
“ကိုဂွန် . .ဒီနေ့လည်ကားနဲ့ ပြန်မှာလား”
“ဟုတ်တယ် . .ကျော်စွာကြီးလည်း ပြန်မယ်လေ၊ သူက ကလောမှာဆင်းမယ်၊ ဟိုရှေ့က လှေကားမှာ သွားထိုင်ရအောင် မွန်း”
“သွားလေ . .ဒါနဲ့ ကိုဂွန်ရဲ့ လိပ်စာ မွန်းကိုရေးပေးဦး”
“ရေးပေးရမှပေါ့ . .This man နဲ့ This manတွေပဲဟာ”
သူ့စကားကြောင့်မွန်း ရယ်ရပြန်ပါသည်။ သူက လှေကားလေးဆင့် တွင်ထိုင်လိုက်သည်၊ မွန်းကလည်း သူ့ညာဘက် သုံးဆင့်မြောက်တွင်ထိုင်လိုက်သည်။
“တောင်ကြီးရောက်ရင် မွန်းဆီ ဖုန်းဆက်လိုက်မယ်နော်”
“မွန်းလည်း ကိုဂွန့်ဆီက ဖုန်းကို စောင့်နေမယ် . .စာလည်းရေးနော်”
“ရေးမှာပေါ့ . .ဘုရားရှင်ရဲ့ ကျေးဇူးတော်ကြောင့် ကွန်တော်တို့ဒီမှာ လာဆုံရတယ် . .နော် . .အခုတော့လည်းခွဲရဦးမယ်”
သူ့စကားကြောင့်မွန်းပင် ဝမ်းနည်းလာရသည်၊
“အလိုတော်ပဲပေါ့ . .မွန်တို့ ပြန်ဆုံကြဦးမှာပါ”
ှ“ပြန်ဆုံပါရစေ မွန်းရယ် . .ဒီသင်တန်းကာလလေးကို ကွန်တော့် ဘဝမှာ မေ့လို့ ရမှာ မဟုတ်တော့ဘူး၊ အချိန်တိုတောင်းပေမဲ့ ကွန်တော်တို့ရဲ့ ခင်မင်မှု သံယောဇဥ်ကြိုးတွေ က အရမ်းကို ခိုင်ခ့လွန်းပါတယ်၊ မွန်းလည်း ကွန်တော့်ကို အမြဲသတိရနေနော်”
အနှောင့်အသွားအလွတ်သောသူ့ရဲ့ စကားများကြောင့် မွန်းရင်ခုန်သံ မြန်လာသည်။ သူဒီထက်ပိုပြီးပြောလာရင်ဖြင့် . . ဘုရား. .ဘုရား အတွေးနှင့်ပင် မွန်းလက်များ အေးစက်လာသည်။
ထိုစဥ် မွန်းပခုံးပေါ်မှတဆင့် ရင်ဘတ်ပေါ်ကျလာသော အရာတစ်ခုကြောင့် မွန်းလန့်သွားသည်၊
“အို . .”
မွန်း ရှကန်လွန်း ၍ ခွေးစီးများကျလာသည်၊ ဟုတ်ပါသည် . .ဒါ . .ဒါ သူ့ လက်ပဲ၊ သူ့ကိုမော့ကြည့်လိုက်တော့ မွန်းကို ပြံုးကာကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဟင် . .ဘာမှမဖြစ်သလို . .သူဘာမှမလုပ်သလိုပင် မွန်း ဆက်၍သည်းမခံနိုင်တော့၊ သူ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာ
“ဖြန်း . . .”
“ဟင် . .ညီမလေး . . .”
မထင်မှတ်သော လက်ဝါးချက်ကြောင့် သူ့မျက်နှာတစ်ခြမ်းလုံးနီရဲသွားသည်၊ မွန်း သူ့ကို တစ်ချက်စိုက် ကြည့်လိုက်သည်၊ ထို့နောက် ထိုနေရာမှ မွန်း ထွက်လာခဲ့ပါတော့သည်။
(၅)
သမီးရေ . .ဖုန်းလာတယ် . .ကျော်စွာတဲ့”
ကျော်စွာ . .မွန်း သူငယ်ချင်းများထဲတွင် ထိုနာမည်မရှိပါ။
“ဘယ်သူပါလိမ့်”
လက်ထဲမှ လေယာဥ်လက်မှတ်ကို စာကြည့်စားပွဲပေါ် အသာချကာ ဖုန်းခွက်ကို လှမ်းယူ လိုက်သည်။
“ဟဲလို”
“မမွန်းလား . .ကွန်တော် ကျော်စွာပါ၊ ပြီးခဲ့တဲ့ နှစ်လလောက်က သင်တန်းအတူ တတ်ခဲ့ကြတာလေ”
“သြော် . .သိပြီ . . ကိုကျော်စွာ၊ နေကောင်းတယ်နော်”
“ကောင်းပါတယ် မမွန်း၊ကွန်တော်ဆက်နေတာ လေးငါးခါရှိပြီ၊ မမွန်းနဲ့ တစ်ခါမှ မတွေ့ဘူး၊ ပတ်(စ်)ပို့ ရုံသွားတယ်တဲ့”
“ဟုတ်တယ်ကိုကျော်စွာရေ၊ မွန်းကိုရီးယားမှာ ကျောင်းသွားတက်ဖို့လေ၊ မနက်ဖြန် ညနေ လေယာဥ်နဲ့ သွားမယ်၊ ကိုကျော်စွာကို အခုတစ်ခါတည်း နှုတ်ဆက်လိုက်တယ်နော်၊ ဒါနဲ့ မွန်းကိုရှာတာက တခြားအထွေမထူးရှိလို့လား”
“မမွန်းကို ကွန်တော်ရှင်းပြစရာလေးရှိလို့ပါ၊ ဟိုလေ သင်တန်းတုန်းက ကိစ္စ”
“အဲဒီအကြောင်းတွေကို ပြန်မပြောပါနဲ့တော့ ကိုကျော်စွာ၊ မွန်းမခံနိုင်လို့ပါ။ မွန်း အဲဒီအကြောင်းတွေကို မေ့ပစ်လိုက်ပါပြီ”
မွန်း အရှက်တကွဲ ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ ဘာကိုမျ မကြားချင်၊ မွန်း ရင်ထဲမှ လေးစားခင်မင်ရသူ၏ တန်းဖိုးမထားမှုကို ရင်နှင့်အမျခံစားကြေကွဲပြီးပြီ၊ ယခုထပ်၍မတူးဖော်ချင်တော့ပေ။
မဟုတ်သေးဘူး မမွန်း၊ ကွန်တော်ရှင်းပြတာကို ခဏနားထောင်ပေးပါ။ အဲဒီနေ့က မမွန်းတို့နှစ်ယောက်ကို ကွန်တော် ိအဆောင်ပေါ်ကနေ လှမ်းကြည့် နေတာ၊ အမှန် အတိုင်းပြောရရင် အဲဒီနေ့မနက်ကပဲ ဂွန်က သူ့ရင်ထဲက မမွန်းအပေါ်တားတဲ့ အချစ်တွေ ကို ကွန်တော့်ကိုရင်ဖွင့်ခဲ့တယ်”
မွန်း ဆက်၍နားထောင်နေလိုက်သည်။
“မမွန်းမသိဘူးထင်တယ်၊ ဂွန်က ဒုက္ခိတတစ်ယောက်ပါ”
“ရှင် . .”
မွန်း အရမ်းအ့သြသွားသည်၊ မွန်းနှင့် တစ်ပတ်လုံး ခင်မင်သည့် သူတစ်ယောက်က ဒုက္ခိတတဲ့၊ မွန်းဘာကြောင့် မသိရတာလဲ၊
“ဂွန်က ညာလက်တစ်ဖက်မရှိဘူး မမွန်း၊ သူ့ညာဘက်က လက်တုတပ်ထားတာလေ၊ ပြဿနာ ဖြစ်တဲ့နေ့က ဂွန်ရဲ့ ညာလက်က သူ့ပေါင်ပေါ် တင်ထားတာ၊ မမွန်းနဲ့ စကားပြောနေရင်း လက်က မမွန်းပခုံးပေါ် အရင်ကျသွားတယ်၊ နောက်မှ တဖြည်းဖြည်းနဲ့ ရင်ဘက်ပေါ် ရောက်သွားတာပါ . . အခြေအနေက မထင်မှတ်ပဲ အရမ်းရှုပ်ထွေးသွားတယ်၊ ဂွန်က သူ့လက်အောက်လျောကျသွားတာ လုံးဝ မသိဘူး၊ ကွန်တော်ပြောတာယုံပါ”
မွန်းဆက်နားထောင်နိုင်စွမ်းမရှိတော့
“တော်ပါတော့ ကိုကျော်စွရယ်၊ မွန်းတော့ အရမ်းမှားသွားပြီ၊ မွန်းဘယ်လိုလုပ် ရမလဲ၊”
“ဂွန်က မမွန်းကိုရှင်ပြဘို့ ကြိုးစားပါသေးတယ်၊ မမွန်းက လက်မခံခဲ့ဘူးလေ၊”
“သူလက်က ဘာကြောင့် အဲဒီလိုဖြစ်သွားလဲဟင်”
“ဂွန် က အသင်းတော်မှာ ဂစ်တာတီးတယ်၊ ဂီတကို အရမ်းမြတ်နိုးတဲ့ သူတစ်ယောက်ပေါ့။ တစ်နေ့မှာ ကျောင်းကပြန်လာတဲ့ ကလေးတစ်ယောက်ကို ဝင်ကယ်ရင်း ဆိုင် ကယ်တိုက်မိပြီး လက်တစ်ဖက်ဖြတ်လိုက်ရတာပါပဲ”
“ အို . .မွန်း အရမ်းမှားသွားပါလား”
“မမွန်း စိတ်ထဲမှာ အမှန်တွေကိုသိပြီး ဂွန့်အပေါ် အမြင်ရှင်းသွားရင် ကွန်တော် ကျေနပ်ပါပြီ၊ ဒါပဲနော် မမွန်း၊လမ်းခရီးမှာအဆင်ပြေနိုင်ပါစေ”
မွန်း ဖုန်းကို ချလိုက်သည်၊ ဘာလုပ်ရမှန်း မသိတော့၊ မွန်းအမှားတွေ အတွက် ပြန်ပေးဆပ်ချင်သည်။
“ဘုရားရှင် . .ကိုဂွန် ကိုကောင်းချီးပေးပါ၊ သမီးရဲ့ အမှားတွေကိုလည်း သူခွင့်လှင့်နိုင်ပါစေ၊” ရင်ထဲမှဆုတောင်းလိုက်မိသည်။
မွန်း အမှားတွေအတွက် ပြန်ပေးဆပ်ရဦးမည်၊ အခုပင် တောင်းပန်ချင်ပေမဲံ အခြေအနေက မဖြစ်နိုင်၊
မွန်း စာတစ်ဆောင် အမြန်ရေးလိုက်သည်။
“ကိုဂွန် . .မွန်း ပြန်လာခဲ့မယ်၊ မွန်းမှားခဲ့တာတွေအတွက် ခွင့်လှတ်ပေးပါ၊ ကိုရီးယားမှာ ကျောင်းနှစ် နှစ်တက်ပြီး ပြန်ရောက်လာရင် မွန်းကို ဂွန့်ဆီအရင်ဆုံး လာခဲ့ပါ မယ်၊ မွန်းအတတ်နိုင်ဆုံး ပြန်ပေးဆပ် ပါ့မယ်၊ မွန်းကို စောင့်နေမယ်လို့လည်း ယုံကြည်ထားတယ်၊ စောင့်နေပါနော် မွန်း”
မွန်းရဲ့စာကို လက်ခံပြီးနောက် ကိုဂွန်တစ်ယောက် နားလည်နိုင်ပါစေလို့ . .

မေဆောင်းပန်း