Loading...

မင်္ဂလာရှိသော ဒွေးမေ

“ဟယ် . . .ဒွေးမေလာပြီ . . . ဒွေးမေလာပြီ”
ခြံဝတွင် အထပ်တစ်ပွေ့ တစ်ပို်င်နှင့် ဒွေးမေကို တွေ့လိုက်ရသဖြင့် ဝမ်းသာစိတ်ကို မထိန်းနိုင်ဘဲ အော်လိုက်မိသည်။ မိမိကိုယ်မိမိ သတိမထားမိခင် အပြေးဆင်းနေမိသည်။
“ဟဲ့ . . . ဟဲ့ . . . လုံမရဲ့၊ မပြေးနဲ့၊ မပြေးနဲ့ . . . ဖြည်းဖြည်းလာပါ။ ညည်းနှယ်အေ . . . ကလေးစိတ်ကမကုန်၊ ကိုယ့်မှာက မပေါ့မပါး”
ဒွေးမေဆီအရောက်၌ ရင်ခွင်ထဲတိုးဝှေ့ကာ ငိုချလိုက်မိတော့သည်။
“မိန်ကလေး . . .နေကောင်းတယ်ဟုတ်၊ မောင်ကြီး အခြေအနေ ရောကောင်းတယ်နော်”
ညို၏ ဆံစတွေကို ပွတ်သက််ချက် မေးခွန်းထုတ်နေသော ဒွေးမေကို ခေါင်းသာညိတ်ပြနိုင်တော့သည်။ ရင်မှာဆို့နစ်ကာ အသံမထွတ်တော့။ ဒွေးမေမှာလည်း ဝဲလာသော မျက်ရည်များကို ခေါင်းပေါင်းတက်ဖြည်ကာ တတို့တို့နှင့် ရှိသည်။
“ကဲ . . . ကဲ . . .ဒွေးလာပြီပဲ၊ မငိုနဲ့တော့၊ ပစ္စည်းတွေနေရာချလိုက်ဦးမယ်၊ အထုပ်တွေမတော့ လုံမအဖေနဲ့ လုံမဖို့ ဆေးတွေချည်းပဲ၊ ဒွေးကိုယ်တိုင်ဖော်တာ၊ တစ်ချို့လည်း ဒီရောက်မှာ စပ်ရမယ်”
နနွင်းတက်တွေ၊ တောရှောက်ခါးသီးတွေလဲ ပါသည်။ ထန်းလျက်၊ ဆီးယို၊ မြေပဲဆံ၊ နှမ်းဖတ်စသည့်အညာဒေသထွက် အထုပ်ကြီးငယ်ကို ကြည့်မိသည်။ သည်တော့ အမေ့အိမ်ကို လွမ်းဆွတ်လျက် မျက်ရည်မဆည်နိုင် ဖြစ်ရသည်။
************
အိပ်ရာပေါ်က အဖေနှင့် တွေ့ကြသည်။ ဒွေးမေက တည်ငြိမ်စွာပင်။
“မောင်ကြီး . . .နေသာရဲ့လား၊ ရေချိုးဆင်ခြင်ဖို့ အမြဲသတိပေးတဲ့ ကြားထဲက ဖြစ်ရလေတယ်၊ သွေးလေပုံမှန် ပြန်လျောက်ဖို့်မကြိုးစားကြတာပေါ့။ ဘထွေးလေးက စပါးကြီးသည်းခြေ ထည့်ပေးလိုက်တယ်၊ ကွန်မရောက်လာပြီပဲ မောင်ကြီးအားမငယ်နဲ့တော့”
်အဖေက မျက်ရည်စို့လျက် ခေါင်းညိတ်သည်။
သွေးလာသော ဆေးမြစ်စုံအရည်တွေဖြင့် ခြေထောက်ကို နှိပ်နယ်ရင်း နှုတ်ကလည်းတတွတ်တွတ်။
“မောင်ကြီးသတင်းကြားကြားချင်းလည်း မလာနိုင်ပြန်ဘူး၊ ဒီကြားထဲ ဒီကြားထဲ အကြီးကောင် မိန်းမကလဲ ချော်လဲပြီး လမ်းမလျောက်နိုင်လို့ သူတို့အတွက် ချက်ပြုတ်ပေးရသေးတယ်၊ ဘထွေးလေးကတော့ မောင်ကြီးကို ပြန်ခေါ်ခဲ့တဲ့၊ လေဖြန်းတာလောက်တော့ သူနိုင်သတဲ့”
ဒွေးမေ ရောက်၍လာသည်။ ထို့ကြောင့် အိမ်ကသတင်းစုံအောင် ကြားရသည်။ ထို့ကြောင့် အဖေ့မှာ ချက်ချင်းရေဖျန်းသလို ရှင်းလန်းလာသည်။
ညို့ကျန်းမာရေးကို စိတ်မချသဖြင့် လာရောက်ကူညီရင်း အဖေလေဖြတ်သွားခြင်းဖြစ်သည်။ ညိုကလဲဆေးခန်းတစ်ဖက်၊ အိမ်တာဝန်တစ်ဖက်ဖြင့် အဖေ့ကို ကောင်းစွာ မပြုစုနိုင်။ မီးဖွားဖို့ ခွင့်ယူပြီးမှပင် အဖေ့နားကပ်နိုင်သည်။ ကိုယ်ဝန်ကြီးတကားကားနှင့် သူ့တာဝန်ကိုပါ။ယူရသော သမီးကို အဖေ့မှာ အားနားကာ နေ့စဥ်နှင့်အမျ ညိုုးလျက်ရှိသည်။ သမက်ဖြစ်သူကလည်း အိမ်မှာ အချိန်ပြည့် နေနိုင်သူမဟုတ်။ ပြီးတော့ အဖေကလဲ ညို့ခင်ပွန်းကို ရင်းနှီးတွယ်လိုဟန်မရှိ။ ထို့ကြောင့်ပင် အမေ့ညီမဖြစ်သူ ဒွေးမေကို လှမ်းခေါ်ရခြင်းဖြစ်သည်။
ညိုတို့ မောင်နှမသုံးယောက်တွင် အဖေက အစ်ကိုကြီးကို သားကြီးသြရသမို့ အချစ်ပိုသည်။ ခွေးမကလည်း တစ်ရွာတည်းသား သူငယ်ချင်း၏ သမီးနှင့် လက်ဆက်ပေးထားသည်မို့ သမီးရင်းတမျ အားကိုးချစ်ခင်ကာ သမီးလတ် ဖြစ်သူ၏ အိမ်တွင်မနေ။ အစ်ကိုကြီးအိမ်တွင်ပင် နေသည်။ သမီးလတ်က အနီးရွာတွင် ကျောင်းဆရာမဖြေစ်သည်။
အငယ်ဆုံးသမီး ညိုကတော့ သူနာပြုဆရာမအဖြစ် အဝေးမြိုု့တစ်မြို့သို့ ရောက်နေသည်။ ယင်းမြို့သို့ ညိုရောက်သွားသည့်နှစ်မှာပင် ဆေးရုံတိုးချဲ့သည်ဖြစတ်ရာ ညို့မှာတာဝန်ပိနေလေသည်။ ပြီးတော့ မီးဖွားဖို့လည်း နေစေ့လစေ့မို့ အဖေကသမီးအနားတွင် လာရောက်အားပေးစဥ် လေဖြတ်သွားခဲ့သည်။ နောက်ဆုံးတော့ ညိုတို့မိသားစုအတွင်း ဒွေးမေမပါ အဖြစ်ပြန်ချေ။
************
ညိုတို့ မိသားစုဘဝတွင် ဒွေးမေစိမ့်ဝင်ခဲ့သည်ကတော့ ညိုတို့ မမွေးခင် ကတည်းကပင်ဖြစ်သည်။
အညာဓလေ့အရ အဖေ့ညီမကို အရီး၊ အမေ့ညီမကို ဒွေး၊ အဖေ့ညီကိုတော့ ဘထွေးလေး ဟု ခေါ်ကြသည်။ ညိုတို့မှာ အရီးလေးလည်းရှီသည်။ ဒွေးလေးလည်းရှိသည်။ မကျော့မေဟူသော အမည်အတိုကောက်ကို ဒွေးလေးမေဟု ခေါ်ရာမှ သူတို့ပါးစမ်ဖျားတွင် ဒွေးမေဖြစ်ခဲ့သည်။
မိဘများ ကွယ်လွန်ပြီး ညီအစ်မနှစ်ယောက်သာ ကျန်ခဲ့ရာမှ အစ်မဖြစ်သူ မကျော့ရှေ အိမ်ထောင်ကျသော် ညီမဖြစ်သူ မကျော့မေလည်း ပါခဲ့ရသည်။
“ထန်းပေါ်ချိန်ဆို အစ်မလေးရှေကို လွမ်းပါ့အေ၊ မိုးလင်းတာနဲ့ တို့ညီအစ်မနှစ်ယောက် ထန်းတောထဲရောက်ပြီ၊ ဒွေးက ထန်းမြူအိုးတွေ ကြိုးတပ်၊ ထန်းပင်အောက်တွေလျောက်ချ၊ ခဲအိုးကြီးက ထန်းတက်ပြီးရင်အစ်မလေးရှေက ထန်းချက်၊ ထန်းလျက်လုံးကြပြီးရင် ဒွေးက မြူအိုးတွေဆေး မီးဖုတ်နဲ့ မနက်တစ်ခါ ညတစ်ခါ ညီအစ်မနှစ်ယောက်သူ သံသရာ လည်နေခဲ့ကြတာ၊ ခုတော့ သူကငြိမ်းအေးသွားရှာပါပြီ”
ဒွေးမေပေါင်ပေါ် အိပ်ရင်း သူတို့ညီအစ်မ၏ သံသရာ လည်နေခဲ့ကြကာ၊ ခုတော့ ဘဝဇာတ်ကြောင်းကို ပုံပြင်လို နားဆင်ခဲ့ရသည်။
“အမေဆုံးတော့ အဖေနဲ့ ဒွေးမေတို့ ထန်းမလုပ်ကြတော့ဘူးပေါ့ပေါ့နော်”
“မလုပ်နိုင်တော့ဘူးပေါ့ သားကြီးရယ် အလုပ်ချင်ကြတာလဲ ပါတယ် အဲဒါနဲ့ ထန်းပင်တွေကို သူများပဲ ငှားထားလိုက်တော့တာပေါ့”
“ဒွေးမေတို့ကလည်း အရင်ကတည်းက ငှားစာပြီးရော”
“အိုအေ . . .ကိုယ်လုပ်နိုင်ရဲ့သားနဲ့ သူများငှားတော့ နာသပေါ့။ သူများကို ရတာရဲ့ တစ်ဝက်လောက်ပေးရတာအေ့”
“ဘာလို့ ထန်းရည်အိုးတွေကို မီးပြင်ဖုတ်ရတာလဲ ဒွေးမေ”
“အိုးကို မှိုင်းတက်အောင် လုပ်ရတာ၊ မှိုင်းတက်ရင် ထန်းရည်မချဥ်ဘူးပေါ့”
“သားကြီးလာရင် ထန်းတက်မယ်၊ ခါးမှာ ထန်းရည်အိုးချိတ်ပြီး တက်မယ်၊ ဒွေးမေက ထန်းချက်ပြီး ထန်းလျက်တွေရောင်း၊ သူဋ္ဌေးကြီးဖြစ်”
“အမတ်တော် . . . ကျုပ်လဲ ထန်းလျက်တော့ မရောင်နိုင်ပါဘူးိ၊ ရင်တို့ကိုလည်း ဒီတောထဲမှာ ဆင်းဆင်းရဲရဲ မထားနိုင်ပါဘူး၊ မင်းတို့အားလုံး စာပဲသင်ရမယ်၊ စာတတ်ရင် မြို့ပေါ်မှာ ပန်ကာနဲ့ စားပွဲနဲ့ အလုပ်လုပ်ရမယ်၊ ဘယ်တော့မှ ထန်တက်မယ် မပြောနဲ့ သားကြီး”
ညိုကို မွေးပြီးပြီးချင်း အမေဆုံးပါးခဲ့သည်၊ မမျော်လင့်ပဲ ဆုံးပါးခဲ့သည်မို့ အဖေမောင်နှမသုံးယောက်နှင့် ဒွေးမေမှာ လုံးချာလည်နေခဲ့သည်။ နောက်ဆုံးဒွေးမေမှာ ပညာရည်မှန်းချက်တွင် သားကြီးကို လက်လျော့လိုက််ရသည်။ ညိုတို့ဒေသတွင် အများအာဖြင့် အထမ်းသမားအဖြစ်စီးပွားရှာကြသည်။ လူသုံးပစ္စည်းမျိုစုံကို ထန်းခေါက်ဖာနှစ်ခုတွင် ထည့်ပြီးထမ်းကာ ရွာစဥ်လှည့်လည် ရောင်းကြသည်။ တစ်လနှစ်လ သုံးလခန့် အုပ်စုနှင့် ရွာစဥ်မြို့နားတစ်လျောက် သွားကြသည်။ ညိုတို့ အစ်ကိုကြီး ရွာကျောင်းမှ ရှစ်တန်းအောင်သော် အထမ်းသမားစျေးသည်ဖြစ်သွားလေသည်။
ဒွေးမေမှာ သူငယ်ချင်းအုပ်စုနှင့် ပါသွားသော သားကြီးနောက် မျက်ရည်တရှဲရှဲနှင့် လိုက်ပါခေါ်သော်လည်း မအောင်မြင်ခဲ့။
“ညီမလေးတွေ ပညာတတ်ဖို့ ကွန်တော်လည်း တစ်ဖက်တစ်လမ်းက ကူညီချက်လို့ပါဗျာ၊ အဖေနဲ့ ဒွေးမေတို့ ပင်ပန်းတာလဲ ကွန်တော်မကြည့်ရက်ဘူး၊ ပြီးတော့ ကွန်တာ်က အညာသားပခုံးပါဗျာ”
နောက်ဆုံးဒွေးမေသာမက တစ်မိသားစုလုံး မျက်ရည်မစဲခဲ့ရသည် ကတော့ အစ်ကိုကြီး အထမ်းသွားရင်း ချင်းတွင်းမြစ်အတွင်းလှေနစ်ကာ ဆုံးပါးသွားခဲ့ရခြင်းဖြစ်သည်။ နောက်ဆုံး ဒွေးမေမှာ အစ်ကိုကြီးမိန်မ၊ ကလေးနှစ်ယောက်နှင့် လုံးချာလည် ကျန်ရစ်ရပြန်သည်။
**********
ညိုတို့ ညီအစ်မနှစ်ယောက်စလုံးမှာ ဒွေးမေ၏ အုပ်ထိန်းသွန်သင် မှုအောင်တွင် ကြီးပြင်းခဲ့ရသည်မို့ မိန်းမပီသကြသည်ဟု ချီးကျူးခံကြရသည်။ အနေအထိုင် အသွားအလား ပိပြားသိမ်မွေ့သည်။ မီးဖိုချောင် နိုင်းနင်းသည်။ ဘာသာတရားကိုင်းရှိုင်းသည်။ စကားအရာယဥ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။ အိမ်ထောင်ကို ဦးဆောင်နိုင်ကြသည် စသည်ဖြင့်။
ကျောင်းပိတ်ပါက ကိုယ့်ရက်ကန်းကို ကိုယ်တိုင်ရက်ရသည်။ ချုပ်ရသည်။ နောက်ဆုံးဆီကု် ဆုံနှင့်ကုုိယ့်ဖာသာ ကြိတ်ရသည်။ သရက်ပေါ်လျင် သရက်သီးတွေခူး၍ စိတ်၊ နေလှမ်းပြီး သရက်သီးခြောက်လုပ်ရသည်။ မန်ကျည်းသီးကောက်ရာ နှာပြီး မန်ကျည်းစေ့ထုတ်ရသည်။ သနပ်ခါးတောကို ခြံခတ်ရသည်။ ဆန်ပြောင်းပေါ်ချိန် ပေါက်ပေါက်ဆုပ်လုံးရသည်။ ဆီးသီးပေါ်ချိန် ဆီးထန်းလျက်လုပ်ရသည်။ ထန်းရည်ကြည်ခပ်ကာ ထန်းလျက်ဖြူဆုပ်လုပ်ရသည်။ မြေပဲပေါ်ချိန် ပဲခွေရသည်။ ဆန်ဖွပ်၊ သက်ငယ်ပျစ် စသဖြင့် အညာဓလေ့ သဘာဝ မိန်းမတို့ တက်သင့်ဖွယ်ရာ အကုန်လုပ်ရသည်။
“မြို့ကျောင်းသူမို့ဆိုပြီး ဆံပင်မဖြတ်ရဘူးနော်၊ မိန်းမတို့ဘုန်းဆံထုံးပဲ ဆံကို နေ့စဥ်ရှင်းပြီးအုန်ဆီမှန်မှန် လူးရမယ်”
ကျောင်းဖွင့်၍ မြို့သို့ ပြန်ပြီဆိုသည်နှင့် ညိုတို့ ညီအစ်မနှစ်ဦးအတွက် ဒွေးမေက တစ်နှစ်တာ အပြည့်အစုံ စီစဥ်ပေးလိုက်သည်။
ညိုတို့ သွားနေသည့် ဆွေမျိုးအိမ်အတွက် ဆီ၊ ပြောင်းဖူး၊ ကြက်သွန်စသည်ဖြင့် မပြတ်ပို့ပေးသည်။ အညာဒေသဖြစ်သော်လည်း ညိုတို့မှာ ယမားချောင်းဘေးတွေရှိသဖြင့် သောင်ထွန်းချိန် ကြက်သွန်စိုက်နိုင်သည်။
“သူများအိမ်မှာ လုံမတို့သွားနေရတာ ပညာတတ်ဖို့ပဲ။ အလိုက်သိပါ၊ လိုအပ်တာတွေ ၀ိုင်းကူလုပ်ပြီးစာကို အချိန်မှန်ကျက်ပါ။ မြို့မှာ ပန်ကာအောက်မှာ အလုပ်လုပ်နိုင်အောင် ကြိုးစားပါ။ ပြီးတော့ စာသင်ချိ်န်မှာ အပျော်မရှာပါနဲ့၊ ရည်စားသနာ စိတ်မကူးပါနဲ့၊ ဝတ္တုမဖတ်ပါနဲ့”
“ဟင် . . .ဒွေးမေ၊ ဖေဖေက စာဆို အကုန်ဖတ်၊ ဗဟုသူတရှိတဲ့စာ များများဖတ်ရမယ်တဲ့”
“အေးလေ . . .ဗဟုသူတရတဲ့စာပေါ့၊ ညိုမနော်၊ စကားကို ကပ်မပြောနဲ့။ ညည်းတို့ဝတ္တုဖတ်ပြီး စိတ်ကူးယဥ်မှာစိုးလို့”
“ညိုက ဒွေးမေလို အပျိုကြီးလုပ်မှာ”
“အပျိုကြီးပဲလုပ်လုပ်၊ ယောက်ျားပဲယူယူ၊ အဓိကတော့ ပညာရှာချိန်မှာ တခြားစိတ်တွေ ဝင်မလာဖို့ပဲ။ သမီးတွေကို သိပ်ပညာတတ်စေ ချင်တာပဲ။ သွားလေသူ ငါ့အစ်မ ကောင်းကင်ဘုံကနေ ဝမ်းသာနိုင်အောင် စာကို ကြိုးစားကြပါအေ”
“စိတ်ချပါ ဒွေးလေးမေရာ၊ စိတ်ချပါ၊ သမီးတို့ စာကြိုးစားမှာပါ”
မြို့က ဆွေမျိုးတွေဆီလိုက်ပို့ပြီး မျက်ရည်လေးစမ်းစမ်းနှင့် ရွာပြန်သွားရှာသော ဒွေးလေးမေကို ကြည့်လျက် ညီအစ်မနှစ်ယောက် ဖက်ငိုမိသည် ကို ဒွေးမေသိမည်မဟုတ်ပါ။
*********
နောက်တစ်ခါ ဒွေးမေငိုရသည်ကတော့ ညိုအိမ်ထောင်ကျခြင်းကြောင့်ဖြစ်သည်။ ကိုကြီး အိမ်ထောင်ပြုစဥ်၊ မလတ်အိမ်ထောင်ပြုစဥ် သူကိုယ်တိုင် ဦးစီးကမကထ လုပ်ကားစီစဥ်ခဲ့သည်။ သို့သော် ဒွေးမေက ဘယ်သူ့ အိမ်မှ မလိုက်။ သူ့အိမ်ကလေးနှင့် သူသာနေသည်။ မည်သူ့ကိုမျဒုက္ခမပေး။
“ဒွေးတစ်သက်လုံး နေခဲ့တဲ့ အိမ်ပဲအေ့။ ဘာမှ စိုးရိမ်စရာ မရှိဘူး၊ စိတ်မချစရာလည်းမရှိဘူး၊ စိတ်မပူပါနဲ့ အေ၊ ပြီးတော့ ဒွေးလည်း တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်”
တစ်ယောက်တည်း အေးအေးနေချင်သော်လည်း သူ့ခမျာ မအေးနိုင်ရှာ။ ရပ်ရေးရွာရေး ဆွေမျိုးရေးဖြင့် လုံးချာလိုက်နေခဲ့သည်။ အစ်ကိုကြီးဆုံးတော့ မိသားစုတာဝန်ယူရပြန်သည်။ သည်ကြားထဲ အစ်မလတ်ကလည်း မည်သည့် ကိစ္စမဆို ဒွေးမေမပါရင် မလုပ်တက်။
“အေးအေးဆိုပေမယ့် ခဏပါအေ၊ လုံမလေးမညို သင်တန်းပြီးရင် သူနဲ့ပဲလိုက်နေရမှာ၊ သူ့အလုပ်က အမြဲအလုပ်ရှုပ်မယ့်အလုပ်၊ ကုသိုလ်လဲရ ဝမ်းလဲဝပေါ့လေ။ ဒါပေမယ့် တို့ရွာနဲ့ အနီးဆုံးဆေးခန်းမှာ ရအောင်တော့ လုံမကို ကြိုးစားခိုင်းရမှာပဲ”
ညိုသူနာပြုသင်တန်းတက်ကတည်းက အလှူကကာ၊ အရပ်တကာတွင် ကိုယ်တိုင်လိပ်ပြောင်းဖူး ဆေးလိပ်ကြီး တဖွာဖွာဖြင့် ဒွေးမေ၏ လက်သုံးစကား ဖြစ်သည်။
သို့သော်ညိုက သင်တန်းဆင်းပြီး အလုပ်သင်ဘဝနှင့် မြို့ ဆေးရုံမှာ တာဝန်ကျသည် နှင့် အိမ်ထောင်ကျသည်။ ရွာသို့လည်း မပြန်ဖြစ်။ ဒွေးမေကိုလည်း မခေါ်ဖြစ်တော့။
ညိုအိမ်ထောင်ပြုရခြင်းမှာ ဒွေးမေအရှက်ရစေရန် တမင်သက်သက် ဖန်တီးခြင်း မဟုတ်သော်လည်း ဒွေးမေမှာ စိတ်ထိခိုက်အနာတရဖြစ်ပြီး ညို့ကိုသံယောဇဥ် ဖြတ်ခဲ့သည်။
မွေးကလည်းက သူ့လက်ပေါ်တွင် ကြီးပြင်းပြီး သူမ၏ အသည်းကျော်မို့ ဒွေးမေခံစားရမည်ကို ညိုသိသော်ခည်း ညို့မှာ ပြင်ချိန်မရတော့၊ ဒွေးမေစိတ်ပြေရန် အမျိုးမျိုးကြိုးစားသော်လည်း အရာမထင်ခဲ့။
ညိုမှာ ယောက္ခမအိမ်တွင် ကပ်နေရင်း ဘဝဝဲဂယက်တွင် လုံးချာလည်လိုက်နေခဲ့သည်။
ညိုယောက္ခမအိမ်မှ ခွဲထွက်ပြီး ကိုယ်ပိုင်အိမ်ထူထောင်ချိန်တွင် ပထမဦးဆုံး တမ်းတမိသူမှာ ဒွေးမေဖြစ်သည်။ ပြီးတော့ ညိုသားသမီးလည်း လိုချင်သည်။ ယောက္ခမအိမ်တွင် ကျပ်ကျပ်တည်းတည်း ဒုက္ခမို့ ညို့တို့မှာ သားသမီးယူခွင့် မရခဲ့။
တစ်ခါတစ်ခါလည်း ဒွေးမေကို လွမ်းဆွတ်ရင်း ညို့တို့ဘဝများ၏ နွံအတွင်း နစ်နေသော ဒွေးမေအကြောင်း ခင်ပွန်းဖြစ်သူကို ပြောဖြစ်သည်။
အမေဆုံးပြီးနောက် ညိုလမ်းလျောက်ခါစအရွယ်တွင် ဒွေးမေကို ဆွေမျိုးအကြီးအကဲများက အဖေနှင့် လက်ဆက်ရန် နားချသည်။ ဒွေးမေကတော့ ခါးခါးသီးသီးပင်။
“အမလေး . . . မလုပ်ပါနဲ့တော်၊ အစ်မလေးရှေနှင့် ကွန်မတို့ ညီအစ်မနှစ်ယောက်ကို အမုန်းမပျုုိးကျပါနဲ့။ ပြီးတော့ အစ်မလေးကလည်း ခဲအိုကြီးကို သိပ်ချစ်ရှာတာ”
အမှန်မူ ဒွေးမေကို စုံမက်တောင်းရမ်းသူ အများပင်။ ကကြိုးရုပ်ကြိုးရှုတ်မည်စိုးခဲ့သော ဒွေးမေမှာ သူများကြိုးတွေနှင့် ရစ်ပတ်ဖွဲ့ ကာ နှောင်တင်းခဲ့သည်။ အမှန်မှာ ဒွေးမေအိမ်ထောင်ပြုမည်ဆိုလျင် ညိုတို့ မောင်နှမသုံးယောက် ကန့်ကွက်မည်အမှန်ဖြစ်သောလည်း တစ်ခါတစ်ရံ ညိုတို့မောင်နှမတွေ ဒွေးမေကို အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့ကြသည်။
ဲ“တကယ်တော့ လူ့ဘဝခဏတာမှာ ချစ်တတ်ကြဖို့ပါပဲအေ။ ဝမ်းနဲ့လွယ် မမွေးခဲ့ရပေမယ့် တစ်ရွာလုံးက ကလေးတွေ ဒွေးမေမစောင့်ရှောက်ခဲ့ရတာ။ မချစ်ခဲ့ရတာ ဘယ်သူများ ရှိလို့လဲ။ ကိုယ်မွေးမှ ကိုယ့်သွေးမဟုတ်ဘူး။ ဘယ်သတ္တဝါမဆို ကိုယ့်သွေးကိုယ့်သားလို ချစ်ခင်စွာ စောင့်ရှောက်တတ်ရမယ်လုံမရဲ့။ ဘယ်တော့မှ သူ့ဥ ကိုယ့်ဥ မခွဲခြားနဲ့၊ ပတ်ဝန်းကျင်ကို ကိုယ့်မိသားစုလို သဘောထား ပေါင်းသင်း ရိုင်းပင်းကြ၊ လုံမတို့ဟာ တစ်ဘဝလုံးလိုလို ကိုယ့်မိသားနဲ့ ခွဲပြီး တစ်နယ်တစ်ကျေး သူစိမ်ေးတွကြားမှာ ဘဝကိုရုန်းကန်ကြမှာ”
ယောက္ခမအိမ်မှာ ကပ်နေကြရတုန်းက ဘဝအမော၊ စိတ်အမောတွေကို ဒွေးမေဆုံးမစကားတွေနဲ့ သည်းခံခွင့်လှတ်နေရတာတွေကိုတော့ ခင်ပွန်းသည်ကို ပြောမပြဖြစ်ခဲ့ပါ။
“ဒွေးမေရဲ့ ကျေးဇူးတွေကို ဆပ်လို့မကုန်ပါဘူးကွယ်။ ညိုတို့ကိုဘဝမှာ ဘုရားသခင်ကို အားကိုးပြီးသင့်တင် လျောက်ပတ်စွာ နေထိုင်ကျင့်ကြံ သဘောထားတတ်ဖို့ ဆုံးမခဲ့လို့ ဘဝမှာ နေပျော်ခဲ့ရတာပါ။”
**********
ယခုတော့လည်း ဒွေးမေတစ်ယောက် ညို့အနားရောက်ခဲ့ရာပြန်ပြီ။ မိုးလင်းသည်နှင့် ခဲအိုဖြစ်သူကို ဆေးသွေး၊ ဆေးလိမ်း၊ လေ့ကျင့်ခန်းလုပ်ခိုင်း၊ တူမဖြစ်သူနှင့် လမ်းလျောက်၊ မီးဖိုးချောင်ဝင်၊ မြေးအတွက် အဝတ်တွေအနှီးတွေချုပ် လုပ်ပြင်ဆင်သည်နှင့် မနားရပြန်ချေ။ မကြာခင် မြေးကို ထိန်းရပေဦးမည်။
“ဒွေးမေ . . . ဒွေးမေရဲ့ဘဝမှာ ညိုတို့မိသားစုကြောင့် နစ်နာတယ် လို့ စဥ်စားမိတဲ့အခါသာ ဝမ်းနည်းမိတာပါ။ ဒွေး မပလီပေါင်ကွယ်”
“ညိုတို့မိသားစုမှာ ဒွေးမေသာမရှိရင် ဘယ်လိုဘဝဆိုးမျုးိတွေများ ရင်ဆိုင်ကြုံတွေ့ ကြရမလဲ မသိဘူးနော်။ ဘုရားသခင်က ညိုတို့မိသားစုအတွက် ဒွေးမေကို ဖန်ဆင်းပေးသလို ဖြစ်နေပြီ”
“အေးလေ . . . ဒွေးကလဲ ဒွေးမရှိရင် မဖြစ်အောင်ကို နေရာယူကြိုးစားခဲ့တာကိုး၊ ဒွေးကလဲ ချစ်တတ်ခဲ့တာကိုး၊ ဒွေးမေကို ကျေးဇူးတင်တယ်ဆိုရင် လုံမလဲ အသင်းတော်အတွက် ဆက်ကပ်ပါ။ ရပ်ရွာနဲ့ မိသားစုကို ဦးဆောင်အနစ်နာခံနိုင်အောင် ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးဝင်တဲ့ လူသားဖြစ်အောင် ကျင့်ကြံလုပ်ဆောင်ပါ။ ပြီးတော့ ကိုယ့်ရဲ့ မျိုးဆက်တွေကိုလည်း လက်ဆင့်ကမ်းပြုစု ပျိုးထောင်ပါလို့ တောင်းပန်ချင်တယ်”
ညိုက ဒွေးမေရင်ခွင်တွင်းသို့ တိုးဝှေ့ရင်း-
“တောင်းပန်စရာ မလိုဘူး ဒွေးမေရယ်။ သမီးကတိပေးပါတယ်။ ဒွေးမေလို လူသားတွေနဲ့ ပတ်ဝန်းကျင်အတွက် အသုံးဝင်တဲ့ ချစ်တတ်တဲ့ လူဖြစ်အောင် ကြိုးစားမှာပါ”
“သခင်ခရစ်တော်က ခံယူတာထက် ပေးကမ်းရတာဟာ မင်္ဂလာတစ်ပါးတဲ့၊ ဒါပေမယ့် ပေးကမ်းရတဲ့သူရဲ့ အားထုတ်အနစ်နာခံမှုကို ခံယူတဲ့သူက အသိအမှတ်ပြု ကြည်ဖြူမှသာ ပိုပြီး မင်္ဂလာ မြောက်သလို ဘုရားသခင်လဲ ဝမ်းမြောက်မှာပေါ့ကွယ်”
ဒွေးမေ၏ မေတ္တာကို စော်ကားနင်းချေသလို ဖြစ်ခဲရသော ညို့အမှားကို တွေးရင်း ကိုယ့်ကိုယ်ကို ခွင့်မလှတ်နိုင် ဖြစ်ရပြန်သည်။
“ညို့ကို ခွင့်လှတ်ပါ ဒွေးမေရယ် . . . ညို့ကို အရင်လိုချစ်ပါနော်”
“တကယ်တော့ လုံမရယ် . . . ချစ်တယ်ဆိုတာ အချစ်ခံ ရသူအတွက် ကြည်နူးလွယ်ပေမယ့် ချစ်ရတဲ့သူအတွက် အင်မတန်ပင်ပန်းလှပါတယ်၊ အဆမတန် ကြိုးစား သည်းခံရတာပါကွယ်၊ အခုမကြာခင် လုံမလက်တွေ့ ကြုံတော့မှာပါ။ နားလည်လာတော့မှာပါ”
ညိုကို ပွေ့ဖက်ရင်း ညို့ဗိုက်ကလေးကို ပွတ်သပ်ကာ တီးတိုးစကားဆိုသော ဒွေးမေ။ ဒွေးမေရှိုက်သံက သာယာချိုလွင်သော ခေါင်းလောင်းသံ တစ်ခုလို ညို့နှလုံးအိမ်ကို ပဲ့တင်ရိုက်ခတ်လေသည်။ သြော် . . မင်္ဂလာရှိ လှပါဘိခြင်း။
( ဒွေးမေများစွာသို့ . . . . .)