Loading...

ရန်ကုန်ည

အဝေးမှ ရထားတစ်စင်းသံကို ကြားရသည်။ သဲ့သဲ့ကြားရာမှ ကျယ်လာသည်။ “တူ-တူ-တူ”ဟူသော ဥသြသံနှင့်အတူ ဘီးတလိမ့်လိမ့်သံပါလာသည်။ နီးလာသည်။ ဥသြသံရှည်သည်။ ည၏ တိတ်ဆိတ်မူကို လှုပ်ခတ်သွားစေသည်။ လေတစ်ချက်တိုက်သည်။ ဓနိမိုးပေါ် ပြေးတက်သွားပြီး အမိုးရွက်များနှင့် တဖြတ်ဖြတ် မြည်အောင် ဆော့ကစားပြီးမှ ထွက်ပြေးသွားသည်။ မီးခွက်ထိပ်ဖျားမှ မီးညွန့်ဝါဝါလေး ယိမ်းလှုပ်သွားပြီး ပြန်တည်ငြိမ်သွားသည်။ ရထားဘီးသံသည် ညထဲပြန်အိပ် သွားပြန်သည်။ ခွေးတစ်ကောင်အဝေးမှ ဟောင်သည်။ လွမ်းလွမ်းဆွေးဆွေး ရှည်ရှည်ဝေးဝေးအူသည်။ အခြားခွေးများလိုက်အူကြသည်။
အလေးနိုးမှာ စိုးမိသည်။ ရထားသံလုံး၀ မကြားတော့။
ခဏအကြာတွင် ခွေးအူသံများ ပြန်တိတ်သွားသည်။အိမ်အောက်တွင် ဘယ်ကမှန်းမသိ ရောက်နေသော ခွေးမတစ်ကောင် မြေကြီးကို ယက်နေသံ ကြားရသည်။ ဒုက္ခခံဖက်လား၊ ကျွေးစရာမရှိ၊ သနားစိတ်သာ ရှိသည်။ သူ ကျေနပ်သည်ထင်သည်။ ရောက်နေတာ သုံးလေးရက်ရှိပြီ။ အိုးခွက်ပန်းကန် ဆေးကြောသံကြားလျှင် မျက်လုံးရွှဲကြီးများနှင့် မျှော်လင့်ချက်တို့ တောက်နေသည်။ ထမင်းခဲငယ်လေးအတွက် သူ့အမြီနှင့် အသိအမှတ်ပြုသည်။
သူမရှိုတ်သံကို ကြားနေဆဲ ဖြစ်သည်။
အဝေးပြေးကားတစ်စင်း ဟွန်းတီးသံကြားရသည်။ လမ်းပေါ်လေးလံစွာ ပြေးသွားသည်။ ဝေးသွားသော် ညက တိတ်ဆိတ်သွားပြန်သည်။ တစ်ရပ်ကွက်လုံး ငြိမ်ဆိတ်နေသည်။ သံချောင်း နှစ်ချက်ခေါက်သံ ခုနကကြားလိုက်မိသည်။ ရေးလက်စကို ဆက်ရေး၍မရ။
သူမ ရှိုက်သံ ကြားနေသေးသည်။
အမေ၊ အဖေပေါ် မာနမထားသင့်။ ဘဝအပေါ်ရော မာနထားသင့်ရဲ့လား။
သားလေးမျက်နှာ။
သူ့မှာလည်း ဒီအဝတ်ပဲ ကျန်တော့သည်။ တောင်ယာရဲ့ လေအေးရနံ့လည်း သူ့ပါးပေါ်မှ ပြေးခဲပြီ။ မာန အရူံးပေးရတော့မလား။ တောင်ပေါ် ပြန်လျှင် ဒီတဲစုတ်ထက် နေစရာပိုကောင်းသော၊ ခိုင်ခန့်သော၊ ကျယ်ဝန်းသောအိမ်။ အခုစားနေရသော ကန်ဇွန်းရွက်ထက် ပိုမြိန်ဖွယ်၊ အဟာရဖြစ်ဖွယ်ရှိမည်။
“အင်း နောက်ဆုံးတော့ မင်းပြန်လာရတာပဲ မဟုတ်လား။ ရန်ကုန် သွားပြီး စားရေးမယ်ဆိုတဲ့ကောင်၊ ဘဝရုန်းကန်မယ်ဆိုတဲ့ကောင်၊ စာရေးဆရာ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ကောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်ဆိုတဲ့ကောင်၊ စာပေမဂ္ဂဇင်း ထုတ်မယ်ဆိုတဲ့ကောင်၊ ခြေကျိုး ပြန်လာပြီ မဟုတ်လား။”
“ဟား . . . ဟား”
“မပြန်ဘူး . . . မပြန်ဘူး ငတ်ပလေ့စေ၊ မပြန်ဘူးဟေ့၊ မပြန်ဘူး တောင်ပေါ်ကို ထားပစ်ခဲ့တာမဟုတ်ဘူး။ တောင်တန်းရယ်၊ တောင်ယာရယ်၊ ရွာရယ်၊ တောရယ်၊ မြွေလိမ်လမ်းတွေရယ်၊ မီးခိုးရယ်ကို ချစ်လို့ ရန်ကုန်မှာ လာနေနေတာ။ တောင်ပေါ်ရဲ့အလှကို တောင်ပေါ်ရဲ့ဘဝကို ဖွဲ့ပြဖို့ လာနေနေတာ။ ထမင်းငတ်တာ အဆန်းလား၊ ရည်ရွယ်ချက် တစ်ခုအတွက် ငတ်တာဟာ၊ အလကားနေရင်း ငတ်နေတာ မဟုတ်ဘူး။ စာဖတ်တာ စာရေးတာဟာလည်း အလုပ်တစ်ခု မဟုတ်ဘူးလား။ ပုံနှိပ်စာလုံးနဲ့ ကွန်ပျူတာစာလုံးနဲ့ဖော်ပြခံရမှ စာရေးဆရာလား လောကမှာ ပိုက်ဆံပဲလို့ ပြောကြတာမှားတယ်၊ ဒါကြောင့်”
ဟော . . . ခွေးတွေ အူပြန်ပြီ။
သားလေးတော့ နိုးတော့မှာပဲ။ ဟောရှိုက်သံကြားရတယ်။ “ကျွန်. . .ကျွတ် . . . ကျွတ်” သားလေးပြန်အိပ်။ သူ့အမေနိုးသံ၊ ချော့သံ၊ နို့စို့သံ။
“ရှင်မအိပ်သေးဘူးလား၊ ဘယ်နှစ်နာရီ ရှိပြီလဲ”
“ဟင်း” . . .သက်ပြင်းရှည်ကြီး ချလိုက်သည်။ ခြင်ထောင်ကို ငေးကြည့်နေမိသည်။ ဒီစာတစ်ပုဒ်ကိုပြီးအောင် မရေးတော့ပဲ၊ အိပ်ယာထဲဝင်လိုက်ရတော့မလား။ နေ့စဉ်ဆုံးရှုံးမှုတွေထဲမှာ စာရွက်လွတ်တွေပါ အရှုံးပေ။ ရတော့မလား။ ရေးလက်စကိုပြန်ဖတ်နေမိသည်။
သူမ၏ ရှိုက်သံကို ကြားနေမိပြန်သည်
***************
ဘတ်(စ)ကားပေါ်မှာ ဖြစ်ဖို့သေချာသည်။ ညနေ ရုံးဆင်းချိန်ဆိုတော့ လူကြပ်ချိန် အထဲတိုးစီးဖို့ ဆဲဆိုအော်ဟစ်နေသော ကားစပယ်ယာ၏ သြဇာအာဏာသည်ပြင်းထန်စူးရှလှသည်။
“စိတ်ကူးယဉ်နေတုန်း နှိုက်သွားတာ ဖြစ်မှာပေါ့။ ရှင့်မှာလည်း ငေးငေးငိုင်ငိုင်နဲ့ပဲ၊ ကိုယ့်ပိုက်ဆံကိုတောင် မထိန်းသိမ်းနိုင်လောက်အောင် ရှင့်မှာဘာတွေများ အရေးတကြီး တွေးစရာရှိလို့လဲ”
“မင်းအဲသလို မပြောနဲ့၊ ငါ့ပုဂ္ဂလိက ကိစ္စအတွနက် တွေးတာမဟုတ်ဘူး”
“ဟုတ်ပါတယ် . . . ရှင့်ပြောလိုက်ရင် ဒါပဲ။ စကားလုံးကြီးကြီးကျယ်ကျယ်နဲ့၊ ရှင်စာရေးလို့ရော စာမူခ ဘယ်လောက်ရလို့လဲ။ စာအုပ်ထုတ်တာကော ပိုက်ဆံဘယ်လောက် ရလို့လဲ။ နောက်ဆုံးတော့ ကျွန်မမိဘဆီကိုပဲ စာရေးလိုက်၊ လူကြံနဲ့မှာလိုက်နဲ့ ပိုက်ဆံတောင်းတောင်းနေရတာ ကျွန်မ ရှက်လှပြီ။ တောင်ပေါ်မှဆို ကျွန်မဘာသာ ကျွန်မတို့ သားအမိအတွက် ရှာစားလို့ရတယ်။ ရှင်နဲ့နေရတာ ဝဋ္ဋ်ဘဲ။ ဘွဲ့ရပညာတတ် ထမင်းငတ် . . .”
“မင်းအဲသလို မပြောနဲ့ကွာ၊ မင်းတို့ကိုငါထမင်း အငတ်ထားနေတာ မဟုတ်ဘူး။ ငါလည်း မင်းနဲ့မရှိအတူ၊ ရှိမတူစားသောက်နေတာပဲ။ ပြီးတော့ ရန်ကုန်မှာ အစားအသောက်၊ အနေဆင်းရဲတယ်ဆိုတာ ငါတို့ချည်းပဲ မဟုတ်ပါဘူး။ ဘေးအိမ်တွေ အခြေအနေလည်း မင်းသိတာပဲဟာ။ တောင်ပေါ်မှာလည်း အနေအထိုင် ဆင်းရဲပင်ပန်းတာပဲ”။
“မင်းအဲသလို စကား မပြောနဲ့ မပြောပါနဲ့”
“ပြောတယ် . . .ပြောတယ် . . . ရှင့်ပါစပ်ကပဲ အမြဲတမ်း စာပေ၊ စာပေ၊ အမှန်တရား၊ အနာဂတ်တွက်နေတယ်။ ရှင့်ကို အမှန်တရားပြောတော့ ရှင်မခံနိုင်ဘူး မဟုတ်လား။ ဒီမှာ နှစ်ရာတန်ပဲ ကျန်တော့လို့ သေချာ ဂရုစိုက်ပါ။ ဆန်ဝယ်ခဲ့ပါလို့ ပြောနေရက်ကြားက ရှင်ပျောက်ခဲ့တယ်။ ကျွန်မတို့ ဘာနဲ့စားမလဲ။ ရှင့်မှာလည်း လခမရှိ။(လခစားအလုပ်ကိုလည်း မကောင်းပြောသေး) ကျွန်မ မှာလည်း အလုပ်မရှိ။ ဘာလဲ ရှင်ပြောတဲ့ စာပေတို့၊ အမှန်တရားတို့၊ အနာဂတ်တို့ဆိုတာ၊ ရှင်ဟာ အလကားလူပဲ။ ရှင်ပိုက်ဆံရော ရှာတတ်လို့လား”
“ဟေ့ ပိုက်ဆံထက် အရေးကြီးတာတွေ ရှိတယ် . . . သိရဲ့လား”
“ဟုတ်ပါတယ် ရှင့်အတ္တဟာ ပိုက်ဆံထက် အရေးကြီးပါတယ်၊ ရှင့်အတ္တ၊ ရှင့်မာန၊ ရှင့်ရဲ့ စားသောက်ဝတ်ဆင်လို့ မရတဲ့ ကဗျာတွေ၊ စာတွေ၊ ဘာလဲ ပြောလိုက်ရင် အနုပညာအတွက်၊ ညာအတွက်၊ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ကိုတောင် နပ်မှန်အောင် မကျွေးနိုင်တာ ပြောတော့ ကြီးကြီးကျယ်ကျယ်”
“ငါမမှားဘူး . . .ငါမမှားဘူး၊ လူလည်းမမှားဘူး၊ မှားနေတာ မမြင်နိုင်တဲ့ အခြားတစ်ခု။ လာဖြစ်ဖြစ် ငါမပြန်ဘူး။ မပြန်နိုင်ဘူး။ မင်းတို့သားအမိလည်းမပြန်ရဘူး။ ဒီစာပေကိစ္စ ရန်ကုန်မှာ ရှိမှဖြစ်နယ်”
သူမ၏ရှိုက်သံကို ကြားနေမိပြန်သည်။
သူက ငယ်သေးလို့ ဒီလိုပြောတာပါပဲ၊ သူ့ရဲ့စားဝတ်နေရေးကိုပဲ သူမြင်တတ်သေးလို့ပဲ၊ ဟော မီးမှိန်ချင်နေပြီ။ အိပ်မှပဲ။ စာရွက်ဖြူပေါ်က စာကြောင်း(၄-၅)ကြောင်းကို အရှုံးပေးလိုက်ရပြန်ပြီ။
ဘ၀ . . .ဘဝ။
မဟုတ်သေးဘူး၊ ငါလည်း ပါသေးတယ်။
“အင်း အိပ်ပြီလား”
သူမ၏ လက်ဖဝါးကြမ်းကြမ်းသည် ပါးပြင်ကို လာပွတ်သပ်သည်။ ရင်ခွင်ထဲ တိုးဝင်လာသည်။ စောင်ကို ကိုယ်ပေါ် ခြုံပေးလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုုသံနှင့်အတူ ပြန်အိပ်သွားတော့သည်။ ခြင်ထောင်ပြင်ပတွင် ခြင်သံများကို ကျယ်လောင်စွာ ကြားရသည်။ သွေးစုပ်ကောင်တို့၏ မာန်ဖီသံ၊ ခြိမ်းခြောက်သံ၊ မျက်လုံးတို့ မှေးစင်းနေချိန်တွင် ခေါင်းရင်း၌ အသံတွေ ကြားရပြန်သည်။ စာအုပ်ပုံထဲ ကြွက်တိုးသံဖြစ်သည်။ စာကို ကြွက်ကစားနေခြင်းပင်“ရွှတ်၊ ရွှန်” ချောက်လိုက်တော့ ခဏတိတ်သွားသည်။
***********
အဝေးမှ အဝေးပြေးကားသံကို ကြားရပြန်သည်။
ရန်ကုန်-မန္တလေး၊ နောက် . . . နောက် . . . တောင်ပေါ်လမ်း၊ ချောင်းကမ်းပါး၊ မြူခိုးများ၊ ဆိုင်းနေသော ရွာကလေး၊ နှင်းစိုမြက်ခင်းစိမ်း၊ တောင်ယာရနံ့။
“မပြန်ဘူး”
”ရှင်ဟာ အလကားပဲ”
“ကန်ဇွန်းရွက်ပဲ စားနေရတော့မှာလား . . .”
“စာရေးတာ ပိုက်ဆံရလို့လား”
“စာပေ အနုပညာ၊ အမှန်တရား၊ အနာဂတ်၊ အလကား”
ခဏလိုလို၊ အကြာကြီးလိုလို လောကကြီး တစ်ခုလုံးကို အိပ်စက်ခြင်းထဲ မှေးသိပ်လိုက်ပြီး၊ ရုတ်တရက် မျက်လုံးအစုံက ပြန်ပွင့်သွားသည်။
သူမက အိပ်ကောင်းဆဲ၊ ခြင်ထောင်မျက်နှာကျက်ကို ငေးကြည့် နေမိသည်။ အသာအယာထပြီး အပြင်ထွက်လိုက်သည်။ မီးထွန်းညှိ လိုက်သည်။ ရေးပြီးသော စာကို အစအဆုံး ပြန်ဖတ်လိုက်သည်။ သံချောင်းခေါက်သံလေး ချက်ရေတွက်မိသည်။
နောက်ဖေးခြံမှ ကြက်တွန်သံသည် လန်းဆန်းလျက် ရှိသည်။ မျက်ခွံတို့ အနည်းငယ် လေးသော်လည်း၊ အိပ်ချင်စိတ် မရှိ။ မီကို ပြန်ငြိမ်းမှုလိုက်သည်။ ဝါးကြမ်းခင်းပေါ် အသံမမြည်အောင် ခြေဖျား ထောက်လှမ်းပြီး ခြင်ထောင်ကို အနည်းငယ် အလိုက်သည်။ အိပ်ယာထဲ ဝင်သည်။ သူမ၏ဟောက်သံကို ကြားရသည်။ လှဲလိုက်သည်။ သူမ၏နဖူးကို ဖွဖွလေးနမ်းသည်။ ထို့နောက် မျက်စိမှိတ်လိုက်သည်။
မိမိကိုယ်မိမိ ယုံကြည်သည်။
အနာဂတ်ကိုလည်း ယုံကြည်သည်။
ဘုရားသခင်သည် ကျွန်တော်တို့ ဘက်မှာရှိသည်။
ရထားခုတ်သံသည် အိပ်စက်ခြင်းထဲ မြှူပ်သွားသည်။