ယနေ့ သင်သေဆုံးပါက ကောင်းကင်ဘုံကို သင်ရောက်လိမ့်မည်လော။ အများစုက ဤမေးခွန်းကို “ ရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု တုန့်ပြန်တတ်ကြသည်။ “ ဟုတ်ကဲ့၊ ကျွနု်ပ်ကောင်းကင်ဘုံကို ရောက်မယ်” ဟု အနည်းစုကသာ ဖြေကြားသည်။ သင်ကော မည်သို့ ဖြေကြားမည်နည်း။
အသက်ကြီးသော တရားဟောဆရာတစ်ယောက်မှာ ထောင်ထဲ ဝင်ထွက်သည့် အကြိမ်များနေခဲ့သည်။ အမာရွတ်ပြည့်သော သူ့ကြောပြင်သည် သူတွေ့ကြုံရသော ကြောက်မက်ဘွယ် ဒုက္ခဝေဒနာကို သက်သေပြနေသည်။ ယုံကြည်ခြင်း၌ သူ့သားဖြစ်သော တိမောသေကဲ့သို့ ထိုရှင်ပေါလုနှင့် နီးကပ်သူ၊ သူ့ကိုချစ်မေတ္တာထားသူ မရှိပါ။ သေရတော့မည့်အချိန်နီးကပ်ကြောင်းသိသည်တွင် ထိုတမန်တော် ရှင်ပေါလုက သူ၏ ထာဝရကယ်တင်ခြင်းစိတ်ချမှုကို အောက်ပါ ကျမ်းပိုဒ် တွင် ဤသို့ဆိုထားသည်။
“ထိုအကြောင်းကြောင့် ဤဆင်းရဲ ဒုက္ခကိုငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထား သောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည် ဟုငါသဘောကျ၏။” ( ၂တိမောသေ ၁း၁၂)
ထိုစိတ်ချမှုမျိုး သင်၌ကော ရှိသလား။ အံ့ဖွယ်ဤကျမ်းပိုဒ်ရှိ စိတ်ချမှု စကားသုံးခွန်းကို လေ့လာကြပါစို့။
ပထမစကား – ယုံကြည်
ရှင်ပေါလုသည် မိမိယုံကြည်သောအရာကိုသာမက မိမိယုံကြည်သော ပုဂ္ဂိုလ်ကိုပါ ကောင်းစွာ သိနားလည်ထားသည်။ သူသည် သခင်ယေရှုခရစ်ကို ယုံကြည်သည်။ ထိုကယ်တင်ရှင်ကို ပုဂ္ဂိုလ်ချင်း သိသော အသိတရားသူ၌ ရှိသည်။
မိမိမသိသော အရာကို ကျွနု်ပ်တို့ မယုံကြည်နိုင်ပါ။ ရောမအသင်းတော်ထံ ရှင်ပေါလုပေးပို့သော သြဝါဒစာ၌ “သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ ” ( ရောမ ၁၀း၁၄)။
ထိုသခင်ကို သိသော အသိတရားကို မည်သည့်နေရာတွင် ကျွနု်ပ်တို့ ရယူနိုင်မည်နည်း။ အဖြေသည် ရိုးရှင်းလှပါသည်။ ကိုယ်တော်သည် မိမိ၏ အကြောင်းအရာများကို ကျမ်းစာအားဖြင့် ကျွနု်ပ်တို့အား ဖွင့်ပြထား တော်မူသည်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းသည် ကျွနု်ပ်တို့ ယေရှုကို ယုံကြည်ပြီး ထာဝရအသက်ရရှိနိုင်ရန် ရေးသားထားသော ကျမ်းဖြစ် သည်။ ဘုရားသခင်၏ သားတော်ကိုယ်တော်တိုင်မိန့်တော်မူသော အောက်ပါ ကတိတော်တို့ကို စဉ်းစားဆင်ခြင်ကြည့်ပါလေ။
“ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းဌါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ( ယောဟန် ၃း၁၆)
“… ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။” ( ယောဟန် ၆း၄၇ )
သန့်ရှင်းသော သမ္မာကျမ်းစာသည် ကယ်တင်ရှင်ကို ယုံကြည်ခြင်း၌ ကျွနု်ပ်တို့ လမ်းပြလျက်ရှိသည်။ ဘုရားသခင်၏ ကတိတော်အားဖြင့် ကျွနု်ပ်တို့ကိုချစ်၍ ကျွနု်ပ်တို့အပြစ်များကြောင့် ကားတိုင်ပေါ်အသေခံ တော်မူသော သူ၏ ကယ်တင်ခြင်းကို ကျွနု်ပ်တို့နားလည်ရကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ လူအများစုသည် ကယ်တင်ခြင်းအတွက် မိမိတို့၏ ကောင်းသောအကျင့်ကို မှီခိုသောကြောင့် ကယ်တင်ခြင်း စိတ်ချမှု မရရှိနိုင်ကြပေ။ အကျင့်ပါရမီပြည့်စုံသူ မရှိပါ။ “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။” ( ရောမ ၃း၂၃)။
“အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။” ( ရောမ ၆း၂၃)။ ထာဝရအသက်သည် ယေရှုခရစ်တည်းဟူသော ပုဂ္ဂိုလ်ထံ၌သာ တွေ့ရှိနိုင်သည့် လက်ဆောင်ဖြစ်သည်။ ယေရှုကို လက်ခံသည်နှင့် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော ထာဝရအသက် ကို ကျွနု်ပ်တို့ လက်ခံရရှိကြသည်။ “ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။” ( ၁ ယောဟန် ၅း၁၂ )။
မည်သို့ ကိုယ်တော်ကို ကျွနု်ပ်တို့ လက်ခံရမည်နည်း။ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။.” ( ယောဟန် ၁း၁၂)။ သူ့ကိုယုံကြည်လိုက်ခြင်းဖြင့် လက်ခံရပါမည်။
ဖိလိပ္ပိမြိ့ု၌ ရှင်ပေါလုထောင်ချခံရစဉ်တွင် ထောင်တံခါးများပွင့်ဟ၍ အကျဉ်းသားချည်နှောင်သော သံကြိုးများလွတ်သွားသည်အထိ ဘုရားသခင်က မြေငလျင်လှုပ်စေခဲ့သည်။ ထိုအခြေအနေကြောင့် စိုးရွံ့တုန်လှုပ်နေသော ထောင်မှူးက “ သခင်တို့၊ အကျွနု်ပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောဌါ အဘယ်သို့ ပြုရပါမည်နည်း” ဟုမေးမြန်းခဲ့သည်။ ရှင်ပေါလုက “ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ပြန်ဖြေခဲ့သည် ( တမန် ၁၆း၃၁)။
ကျွနု်ပ်တို့၏ ယုံကြည်ခြင်းသည် သခင်ယေရှုအပေါ်နှင့် ယုံကြည်သော သူထံ ပေးတော်မူသော သူ့ကတိတော်အပေါ်၌ တည်နေသည်။ ရှင်ပေါလုက “ အဘယ်သူအား ငါယုံကြည်သည်ကို ငါသိ၏” ဟု ဆိုခဲ့သည်။ သင်ကော ထိုသို့ သက်သေခံနိုင်ပြီလော။ ဘုရားသခင့် သားတော်၏ နာမကို ယုံကြည်သလော။
ဒုတိယစကား – ဆက်ကပ်အပ်နှံ
ယုံကြည်ခြင်းသည် အသိဉာဏ်အားဖြင့် ထောက်ခံရုံ၊ သမ္မာတရားကို ခေါင်းညိတ်ရုံမဟုတ်။ ယုံကြည်ခြင်း၌ ဆန္ဒနှင့် ဆက်ကပ်အပ်နှံမှု ပါဝင်သည်။ တိမောသေထံပေးပို့သော ရှင်ပေါလု၏ ပေးစာတွင် “ သူ၌ ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူ သည်” ဟု ပြောထားသည်ကို သင်မှတ်မိပေမည်။
ရှင်ပေါလုသည် ပုဂ္ဂိုလ်တစ်ဦးကို ယုံကြည်သက်ဝင်သူဖြစ်သည်။ သူယုံကြည်သော ပုဂ္ဂိုလ်မှာ ယေရှုခရစ်ပင်ဖြစ်သည်။ သူ၏ ပေးစာ၌ သခင်ဘုရားအား မည်သည့်အရာကို သူအပ်နှံခဲ့ကြောင်း သူညွှန်းခဲ့သည်။ ခရစ်တော်ထံ သူ၏ ဘဝအသက်တာကို သူအပ်နှံခဲ့သည်။
‘ယုံကြည်’ ဟူသောစကားလုံးသည် မူရင်းဂရိဘာသာ၌ Pisteuo ဖြစ်သည်။ ထိုစကားလုံးကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ကျယ်ပြန့်စွာ သုံးနှူန်းထားသည်။ တစ်နေရာလေး၌မူ ထိုစကားလုံးကို ‘အပ်(နှံ)’ ဟူ၍ ဘာသာပြန်ထားသည်။ “ သို့သော်လည်း ယေရှုသည် ထိုသူတို့၌ ကိုယ်ကို အပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ ” ( ယောဟန် ၂း၂၄)။
ခရစ်တော်ကို ယုံကြည်ခြင်းဆိုရာတွင် ဘဝကို အပ်နှံခြင်း၊ ဆန္ဒကို စွန့်လွှတ်ခြင်း ပါဝင်သည်။ ဘဝအစိတ်အပိုင်းဟိုဟာသည်ဟာကို စွန့်လွှတ်ခြင်းသက်သက်မဟုတ်၊ ဘဝအသက်တာတစ်ခုလုံး ကိုယ်တော့် ထံ ပေးအပ်ကူးပြောင်းခြင်းဖြစ်သည်။ “လူအပေါင်းတို့သည် သေလျက် နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလိုသို့ လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူ သော သူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့ အတွက်ကြောင့်အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည် သဘောထား လျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။” ( ၂ ကော ၅း၁၅)။
သင့်အသက်တာကို သခင်ဘုရားအား အပ်နှံပြီလော။ အပ်နှံခြင်းသည် ကိုယ်တော်အားသင်လိုအပ်ကြောင်းဝန်ခံခြင်းမှအစပြုပြီး ဆန္ဒပါပါ ဘဝကို ပေးအပ်ခြင်းနှင့် အဆုံးသတ်သည်။ ယေရှု၏ လက်တော်တွင် သင့်ဘဝအသက်တာကို အပ်နှံလိုက်ပါက ကိုယ်တော်နှင့် မျက်နှာချင်း ဆိုင်မတွေ့ခင်နေ့ရက်ကာလပတ်လုံး လုံခြုံစွာ စောင့်ထိန်းပေးတော်မူ မည်။ ဘဝကိုအပ်နှံခြင်းမပြုပါက ထာဝရကယ်တင်ခြင်းအတွက် စိတ်ချမှု ရရှိနိုင်မည်မဟုတ်။
ယေရှုသည် စောင့်ထိန်းကောင်းသောအရှင်ဖြစ်သည်။ ကိုယ်တော်ထံ ဘဝအသက်တာကို အပ်နှံသောအခါ စောင့်ထိန်းကောင်းသောအရှင်၏ လက်ထဲရောက်နေခြင်းဖြစ်သည်။ “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့ သည် ပျက်ဆီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ် မယူရာ။ ” ဟု ကိုယ်တော်က ကတိပေး ထားသည် ( ယောဟန် ၁၀း၂၈)။
တတိယစကား – သွေးဆောင်
ရှင်ပေါလုသည် သေဒဏ်ချသင့်ခြင်း ခံရစဉ်မှာပင်လျှင် သူ၏ ဘဝအသက်တာကို သခင်ဘုရားက လုံခြုံစွာ စောင့်ထိန်းပေးနိုင်ကြောင်း မယုံကြည်ဘဲမနေနိုင်အောင် သွေးဆောင်မှုခံရသည်။ သူသည် ကောင်းကင်သို့သွားရမည်ဖြစ်ကြောင်း သေချာစိတ်ချခဲ့သည်။
ဂရိဘာသာ၌ ‘သွေးဆောင်’ဟူသောစကားလုံးသည် Peitho ဖြစ်သည်။ ကျမ်းစာဘာသာပြန်သူများသည် ထိုစကားလုံး၏ အဓိပ္ပါယ်ကို ပြန်ဆိုရာတွင် အခက်တွေ့ခဲ့ကြသည်။ မတူညီသော ဘာသာပြန်ကျမ်း အချို့တွင် ‘ မယုံကြည်၊ နာမခံ၊ ငြင်းပယ်’ ဟူ၍ အနုတ်လက္ခဏာဆန်စွာ ပြန်ဆိုထားသည်။ စကားရှေ့နောက်နှင့်ဆက်စပ်မှသာ သုံးနှူန်းမှု ဆိုလိုရင်းကို နားလည်နိုင်သည်။ ကင်းဂျိမ်းဘာသာပြန်ကျမ်း ( King James) တွင်မူ ထိုစကားလုံးကို သွေးဆောင်ဟူ၍ ၁၀ ကြိမ်၊ ယုံကြည်ကိုးစားဟူ၍ ၈ ကြိမ်၊ ယုံကြည်စိတ်ချဟူ၍ ၆ ကြိမ် ပြန်ဆိုထားသည်။
တမန်တော်ရှင်ပေါလုက သခင်ဘုရားထံ သူအပ်နှံခဲ့သောအရာအား ထိုအချိန်မှစ၍ ထာဝရအထိ စောင့်ထိန်းပေးနိုင်တော်မူသည်ကို သူယုံကြည်စိတ်ချကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ဘုရားသခင်သည် သူ့အား ပစ်၍မထား၊ ကောင်းကင်သို့ခေါ်ဆောင်မည်ဖြစ်ကြောင်း မယုံကြည်ဘဲမနေနိုင်အောင် သွေးဆောင်မှုခံရသည်။
ရှင်ပေါလုသည် ယုံကြည်ရုံသာမဟုတ်၊ သွေးဆောင်မှုလည်း ခံရသည်။ “ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။….ဟု ငါသဘောကျ၏”။ မယုံကြည်ဘဲမနေနိုင်အောင် သွေးဆောင်မှုခံရခြင်းသည် စိတ်ချမှု ဖြစ်သည်။ သင်ကော ထိုသို့သွေးဆောင်မှုမျိုးခံရပြီလော။
တမန်တော် ၂၆တွင် ရှင်ပေါလုသည် ဧကရာဇ်မင်း အဂြိပ္ပရှေ့တွင် အမှုစစ်ဆေးခြင်းခံရသည်။ သူမည်ကဲ့သို့ ပြောင်းလဲလာကြောင်း သက်သေခံပြီးနောက် မင်းကြီးအား “ အို အဂြိပ္ပမင်းကြီး၊ ကိုယ်တော် သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွနု်ပ်သိပါသည်” ဟု လျှောက်ခဲ့သည်တွင် မင်းကြီးက၊ “သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည် ခရစ်ယာန်ဖြစ်လုပြီ” ဟု ပြန်ပြောခဲ့သည်။ ထို၌ ရှင်ပေါလုက “ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကို ထား၍ အကျွန်ုပ်ကဲ့သို့သောသူ ဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ်ဆုတောင်းပါသည်ဟု လျှောက်လေ၏။” ဟု ပြန်လျှောက်ခဲ့သည်။ ဖြစ်လုအောင် သွေးဆောင်ခံရခြင်းသည် မလုံ လောက်သေးပါ။ လုံးလုံးဖြစ်သွားအောင် သွေးဆောင်ခံရရန် လိုအပ် သည်။
နိဂုံးအားဖြင့်၊ ၂တိမောသေ ၁း၁၂ နှင့် ဆက်စပ်မှုရှိသော ရှင်ယောဟန် ၃း၃၆ ကျမ်းပိုဒ် တစ်ပိုဒ်လေးကို ဆက်ကြည့်ကြပါစို့။ ထိုကျမ်းပိုဒ်တွင် ဂရိစကားလုံး ‘ယုံကြည်’ နှင့် ‘ သွေးဆောင်’ နှစ်ခုစလုံးကို တွေ့ရသည်။ “သားတော်ကို ယုံကြည်( pisteuo) သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ် ( apeitho ယုံကြည်ရန် သွေးဆောင်ခြင်းမခံရ ) သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော်သည် တည်နေသည်။”
ဘုရားသခင်၏ သားတော်ကို သင်ယုံကြည်သလော။ သင့်ဘဝ အသက်တာကို ကိုယ်တော်၌ အပ်နှံပြီလေ။ သင်သေလွန်ခဲ့ပါက ကောင်းကင်ရောက်မည်ဟူသော အသိစိတ်၏ သွေးဆောင်မှုကို ခံရပြီလော။ ထိုစိတ်ချမှုမျိုးသင်၌ မရှိလျှင် ယနေ့ ထိုအရှင်ကို မကိုးစား၊ ဘဝမအပ်နှံဘဲ အဘယ်ကြောင့် နေသနည်း။
from: http://knowingjesuschrist.com/languages/burmese-myanmar/first-steps-for-new-believers/593-three-words-of-assurance