ကယ်ချွတ်ရှင်မွေးနေ့တော်

ခရစ္စမတ်အချိန်အခါသမယကို ရောက်လာပြန်လေတိုင်း ခရစ်ယာန် ယုံကြည်သူများ သာမက၊ လောကီသားအားလုံးတို့ ဝမ်းမြောက်ပျော်ရွင်ကြသည်မှာ ကြာလာတော့ ရိုးရာတစ်ခုကို နှစ်စဉ် ဆင်နွဲလေ့ရှိသည့် ဓလေ့တစ်ခု အသွင်ပင်ဖြစ် နေပြီဟု နွေဦး ထင်မိလာသည်။ ထို့အတူ အတွေး ပုံရိပ်တို့သည်လည်း အတိတ် ကာလတစ်ခုစီသို့ ရောက်သွားဖြစ်သည်။

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
xxx ဆောင်းနှင်းဝေဝေ xxx မြူမှုံတွေအေးအေးနှင့် xxx ရောက်ပြန်ပြီ ညချမ်းခါဆီ xxx ရှင်တော်သခင် xxx မွေးနေ့ထူး ဆွေမွန်တွေ ရှင်ပျော်မြူး xxx အိမ်တိုင်းကို သွားရောက်ခါရယ် xxx သတင်းကောင်းကို ပြောကြမယ်လေ xxx ကယ်ခွတ်ရှင် ကွလာပြီလေ xxx ဝမ်းမြောက်စွာ ဆိးလို့ကြိုစေ xxx

တစ်မျော်တစ်ခေါ် ရှုမျော်၍မဆုံး၊ ကြည်နူးစရာ တောဓလေ့အစဉ်အလာအတိုင်း စပါးပေါ်ချိန်၊ လယ်ကွင်းထဲမှာ တောင်သူဦးကြီးများ လယ်ယာ လုပ်ငန်းခွင်အတွက် `စိုက်သည့်အတိုင်း´ ရိတ်သိမ်းရမည့်ကာလနှင့် တစ်ပြေးညီ `ခရစ္စမတ်´ ဆိုတဲ့ အငွေ့အသက်ဖြစ်တဲ့ ခရစ္စမတ်သီချင်းတွေ လည်း မြိုင်မြိုင် ဆိုင်ဆိုင် ဟိုမှာ…သည်မှာက ဝဲပျံနေကြသည်။

“နွေဦး..မင်းလည်း ငါတို့နှင့် အတူ ခရစ္စမတ်ကို လိုက်ခဲပါလား”

“မလိုက်ချင်ပါဘူးကွာ… တော်ကြာ ငါလိုက်လာမှ မင်းတို့အတွက်လည်း အလုပ်ရှုပ်နေပါဦးမယ်”

“မဟုတ်တာကွာ… ငါက မင့်ကိုလေ ခရစ္စမတ်ဆိုတာဘာလဲ ဆိုတာကို သိစေချင်တာ”

“အပိုတွေ လုပ်မနေပါနဲ့ကွာ… ခရစ္စမတ်ဆိုတာ `ပုလင်းထောင်မယ်´ နောက် `စော်ကလေးတွေကိုကြောင်မယ်´ ငါသိပါတယ်”

“ဟာ.. နွေဦး မင့်ထင်သလို မဟုတ်ပါဘူးကွာ…ဒါပေမဲ့ ငါလည်း မင်းကို ဗမာလို ကောင်းကောင်းမပြောပြတတ်ဘူးကွာ… အဲ့ဒါလည်း ငါ့ရဲ့ အားနည်းချက်ပါပဲ…”

နေဝင်ရိုးရီ နေမင်းသည် မွေတောင်စွယ်ရိုးမကို မေးတင်နေရင်း အစွမ်းကုန် လှပနေသည်။ ကံကြီး၊ ကံသာ ဆိုတဲ့ ရွာတွေမှာ အားလုံးက မတူညီသော ဓလေ့များနှင့် တူညီရိုးသားစွာနေထိုင်ကြသည် အရပ်ဒေသဖြစ်သည်။ အထူးသ ကလေးဒေသသည် ချင်းတိုင်းရင်းသားများ နေရာဌာနဖြစ်သလို၊ ယခင်ကဆိုရင်ဖြင့် `ချင်းဝိသေသတိုင်း´ ဟု အသိများခဲ့ သော်လည်း ယခုသော်ကား `စစ်ကိုင်းတိုင်း´ တွင်ပါဝင်သွားခဲ့လေပြီ။

နေ့ခင်းဘက် စပါးရိတ်နားနေစဉ် `ဗျတ်သဲယ်´ ပြောခဲ့သော `ခရစ္စမတ်ဆိုတာ မင်းထင်သလို မဟုတ်ပါဘူးကွာ´ ဆိုသော စကားနှင့်အတူ ဝမ်းနည်းသံပါ သွားသည့် ဗျတ်သဲယ်၏ မျက်နှာကို မြင်ယောင်ရင်း တွေးနေမိသည်။ နွေဦး ဘယ်သူ့ကိုမှ အပြစ် မပြောချင်ပါ၊ အပြစ်လည်း မတင်လိုပါ ` မမှားသောရှေ့နေ မသေသော ဆေးသမားမရှိ´ ဘူးလို့ ငယ်စဉ်က အဖေကြီး ( အဖိုး)၊ အမေကြီး (အဖွား) တို့ဆိုဆုံးမစကားကို သူမြေဝယ်မကျ နာယူခဲ့သည်။

အရာရာကို `ထင်တစ်လုံး´ဖြင့် မယုံတတ်တဲ့ နွေဦးအတွက် ဗျတ်သဲယ် ပြောတဲ့ အရိုးခံပကတိ မျက်နှာကို မြင်လာတိုင်း စိတ်မကောင်းဖြစ်မိသည်။ သူနှင့် ဗျတ်သဲယ်တို့အကြား `ခရစ္စမတ်´ သဘောထားအမြင်များ တစ်နေရာရာတွင်တော့ လွဲချော်နေတာ သေချာသည်။

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
“အဖေကြီး ကွန်တော်တို့ ခရစ္စမတ်အမှီ စပါးပုံနိုင်မလား”

“ဟ… ဘာဖြစ်နေတာလည်း ငါ့မြေး… မင်းလည်း သူတို့ ခရစ္စမတ်ကို သွားချင်လို့လား”

“ဦးလေးမြေးလည်း လူပျိုဆိုတော့ ချင်းမလေးတွေကို သဘောကျနေပြီထင်တယ်”

“မဟုတ်ပါဘူး… ဦးတွန်ထန်းရယ် ကွန်တော်က သူတို့ပြောတဲ့ ခရစ္စမတ် ကဘာလဲဆိုတာ သိချင်လို့ပါ”

“ပြီးမှာပါ… မင်းသွားချင်တယ်ဆိုရင်တော့ သွားပါ… ဒါပေမဲ့… ခရစ္စမတ်မှာက မူးမူးရူးရူးနှင့် ရိုက်ပွဲတွေထဲမှာ မင်းမပါစေနှင့်နော်”

“ဟုတ်ကဲ့ပါ…အဖေကြီး”

အဖေကြီးပြောသလိုပါပဲ၊ ခရစ္စမတ်ဆိုတာ နွေဦးတို့ ရွာက ပွဲလမ်းသဘင်တွေလို မူးမူးရူးရူးနှင့် သောက်စားပျော်ပါးကြတယ်လို့ ကြားဘူးနားဝရှိခဲ့သည်။ ထို့အတွက်ကြောင့်လည်း ခရစ္စမတ်ကို ကလေးဒေသမှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမျ မသွားခဲ့။ အထူးသဖြင့် `ကိုယ်ယုံကြည်ရာ´ ကိုးကွယ်ကြသည် မို့ စိတ်ဝင်စားမှုလည်းမရှိခဲ့။

ယခုတော့ လယ်နီးနားဖြစ်တဲ့ ဦးဘွေခင်တို့မိသားစုသည် သူမြင်ဘူးထားသော ခရစ်ယာန်တွေလိုမဟုတ်သည်ကိုတော့ သတိပြုမိသည်။ ထို့ကြောင့် အပေါင်းအသင်း မလုတ်တတ်တဲ့ နွေဦးပင် သူတို့မိသားစုကို ခင်မင်မိသည်။ အထူးသဖြင့် ဗျတ်သဲယ်သည် သူနှင့် ရွယ်တူ၊ အသက်ချင်းက မတိမ်းမယိမ်း၊ နောက် ဗမာစကားကိုလည်း ထမင်းစားရေသောက်သာ ပြောတတ်သူဖြစ်သော်လည်း အသံဝဲဝဲဖြင့် ခင်မင်သင့်သော မိတ်ဆွေကောင်းဖြစ်သည်မို့ ခင်မင်မိတ်ဖွဲဖြစ်ခဲ့သည်။
“ငါမင်းတို့ ခရစ္စမတ်ကို လိုက်လာမယ်နော် ဗျတ်သဲယ် မင်းဟိုရောက်မှ ချင်းလိုပဲ ပြောပြောမနေနဲ့ မင်းတို့အထဲမှာ ငါတစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ ဖြစ်ရင်တော့ နန်းစောင်းပုမှာ ငါ့မိဘအိမ်ရှိတယ် မင်းတို့ရွာကနေ ဝေးတာမဟုတ်ဘူး ငါပြန်ပြေးမှာ”

“တကယ်လိုက်မှာလား… စိတ်ချမင်းကို ငါက ဗမာစကား ကောင်းကောင်းမပြောတတ်ပေမယ့်၊ ဗမာစကားကောင်းကောင်းပြောတတ်တဲ့ သူငယ်ချင်းတွေနှင့် မင်းကို မိတ်ဆက်ပေးမယ် မင်းလုံးဝ နောင်တမရစေရဘူး”

သူလိုက်မည့်အကြောင်းပြောတော့ ဝမ်းသာအားရဖြစ်သွားတဲ့ ဗျတ်သဲယ်ကို ကြည့်ပြီး ရင်တွင်းမှာ ကြည်နူးမိသည်။ ဘာကြောင့်ရယ်မသိ ရိုးသားတဲ့ ချင်း တိုင်းရင်းသား ဗျတ်သဲယ်က ဗမာစကားကောင်းကောင်းမပြောတတ်ပေမည့်၊ သူ့အပေါ်မှာ `စေတနာတွေ ရေစီးကမ်းပြို´ နေရသည့် အကြောင်းကို ဂဃနဏ သိချင် စိတ်တော့ဖြစ်မိသည်။

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
“ပြင်းတောဦးရွာမှ လှိုက်လှဲစွာ ကြိုဆိုုပါ၏”

ကံကြီးမှ နေပြီ စပါးတင်ကားကြုံဖြင့် ဗျတ်သဲယ်နှင့်အတူ သူတို့ရွာသို့ ရောက်ခဲ့သည်။ ရောက်သည့်နေ့တွင် ဗျတ်သဲယ်သည် သူ၏ စကားအတိုင်းပင် ကလေး ကောလိပ်တွင် တက်ရောက်နေကြသည့် ဗမာစကားလယ်လယ်ဝယ်ဝယ်ပြောတတ်သော ကျောင်းသားများနှင့် မိတ်ဆက်ပေးသည်။ ထိုအထဲတွင် ထူးထူး ခြားခြား `တစ်ခါတွေ့ရင် တစ်ခါမမေ့နိုင်သည့်´ သူတစ်ဦးပါလာသည်။

“နွေဦးဒါက ငါတို့ရဲ့ လူငယ်ဆရာဖြစ်တဲ့ ဘုံဘွဲတဲ့ ငါတို့ကတော့ ဆရာဘွဲသဲယ်လို့ပဲခေါ်ကြတယ်… ဆရာဘွဲသယ် သူကတော့ ကွန်တော်ပြောပြောနေတဲ့ လယ်နီး နားချင်း ကိုနွေဦးတဲ့ ”

“အေးကွာ ကိုနွေဦး တွေ့ရတာ ဝမ်းသာတယ်ကွာ နောက်လည်း ဗျတ်သဲယ်မပါလည်း လာခဲ့ပေါ့ အကို့အိမ်ကတော့ ဟိုအိမ်ပဲ”

ဘုရားကျောင်းရှေ့သလင်းပြင်တွင် စကားပြောနေရာမှ လက်ညိုးညွန်ရာကြည့်လိုက်တော့ ဘုရားကျောင်းနှင့် မျက်စောင်းထိုးရှိ၊ သက်ကယ်မိုးဖြင့် သုံးပင် လေးပင် အိမ်ကလေးကို တွေ့ရသည်။

“ဟုတ်ကဲ့ လမ်းကြုံရင်တော့ လာလယ်ပါ့မယ်”

“တိန်….တိန်….တိန်…..တိန်…”

“ဘုရားရှစ်ခိုးစတော့မယ် နွေဦးသွားကြရအောင်”

သူငယ်ချင်းဗျတ်သဲယ်နှင့်အတူ ဘုရားကျောင်းထဲ လိုက်ဝင်သွားမိသည်။ သုံးလေးရာခန့်မျသော လူထုကြီးသည် အားရဝမ်းသာစွာဖြင့် နွေဦး နားမလည် နိုင်သော ချင်းဘာသာစကားဖြင့် ဓမ္မတေးများကို သီဆိုနေကြသည်။ နားမလည်နိုင်ပေမယ့် အလိုလို ကြည်နူးနေမိသည်။

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
“ခရစ္စမတ်ဆိုတာ တကယ်တော့ `ဘုရားနှင့် လူ ပေါင်းစည်းခြင်း´ ပါပဲ မိတ်ဆွေ တကယ်တမ်းပြောကြရစတမ်းဆိုရင်တော့… အာဒံနှင့် ဧဝခေတ်ကို မဖြစ်မနေ တစ်ကြော့ ပြန်လှည့် ရမှာပါ….”

အစီအစဉ်တွင် ချင်းလိုဖြင့် လည်းပါပေမည့် ဒေသနာအချိန်တွင် ဗမာလိုဟောပြောနေခြင်းဖြစ်သည်။ လူငယ်ဆရာဖြစ်သော ဘွဲသဲယ်သည် ဗမာစကားကို ရေရေလယ်လယ်ပြောတတ်သည်သာမက၊ သူပြောသော စကားတို့သည်လည်း တရားသဘောကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေရန် ဟောဖေါ်ထုတ်နှုတ် သွန်သင် နိုင်စွမ်းလည်းရှိသည်။ ယခုလည်းကြည့်ပါ…

‘…လူတို့၏ အစ…လူတို့၏အပြစ်တရား…အပြစ်တရား၏ အကျိုးဆက်… ထိုမှ လူတိုင်းမှန်းမျော်နေကြသော အို၊ နာ၊ သေခြင်းကင်းရာ တည်းဟူသော ထာဝရကောင်းကင်ဘုံ….. စသည်ဖြင့် အသီးသီးကို ဗမာစကားဖြင့် ရေရေလယ်လယ် ပြောနေသည်က အထူးသဖြင့် သူ့အတွက်ပြောပေးနေသည်ဟုပင် ထင်မိ သည် ….’

“ငါသည် ကိုယ့်အသက်ကို သိုးတို့အလို့ငှါစွန့်၏…. ငါသည် လမ်းခရီးဖြစ်၏… သမ္မာတရားလည်းဖြစ်၏…အသက်လည်းဖြစ်၏….”

ဖတ်ရွက်ပြသွားသော တရားစကားတို့သည် အရှိကို အရှိအတိုင်း တိကျရေရာ ရှင်းလင်းလွန်းလှသည်။ ထို့ကြောင့်လည်း ဒေသနာအဆုံးတွင် ခရစ္စမတ် မွေးနေရှင်အား အသက်သခင် ကယ်တင်ရှင်အဖြစ် လက်ခံလိုပါက `ရှေ့သို့ထွက်လာရန်´ ပန်ကြားသောအခါတွင် နွေဦး အလိုလို ရှေ့ဆုံးတန်းမှ ရောက်ရှိသွားခဲ့ သည်။

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

xxx ဆောင်းနှင်းဝေဝေ xxx မြူမှုံတွေအေးအေးနှင့် xxx ရောက်ပြန်ပြီ ညချမ်းခါဆီ xxx ရှင်တော်သခင် xxx မွေးနေ့ထူး ဆွေမွန်တွေ ရှင်ပျော်မြူး xxx အိမ်တိုင်းကို သွားရောက်ခါရယ် xxx သတင်းကောင်းကို ပြောကြမယ်လေ xxx ကယ်ခွတ်ရှင် ကွလာပြီလေ xxx ဝမ်းမြောက်စွာ ဆိးလို့ကြိုစေ xxx နှုတ်ဆက်သံတွေ ဆူညံလို့နေ xxx မယ်ရီခရစ္စမတ် xxx မယ်ရီခရစ္စမတ် xxx အေးကျူးသံတွေ ဝေဖြာလို့နေ xxx ဟာလေလုယာ ဂလိုရီယာဟေ့ xxx

သည်သီချင်းသံကလေးကို ကြားလေတိုင်း ရန်ကုန်မြို့ရှိ မီးရောင်တွေ ထိန်ထိန်လင်းနေတဲ့ ခရစ္စမတ်မှာ၊ နွေဦးအနေဖြင့် အလွန်ရိုးသားပြီး ဖြူစင်သော ကလေးဒေသရှိ ယုံကြည်သူများ။ တစ်ဖန် သမ္မာကျမ်းစာ တော်မြတ်လာသည့်အတိုင်း လူအပေါင်းတို့ကို အကွတ်တရားသို့ ရောက်ရှိရန် မိမိတို့၏ ခွေးနည်းစာ အလှူငွေလေးများဖြင့် ဒန်ပေါက်ကို မကွေးမွေးနိုင်သော်လည်း ချင်းပြုတ် (Laisawng) ကို အတူတကွ စကောထဲတွင် ထည့်ကာ အတူတူလက်ဆုံစားခဲ့ကြရသည့် မေတ္တာပွဲတော်ကလေးနှင့် ကယ်ခွတ်ရှင်မွေးနေ့ကို ကြိုဆိုပြီး ကယ်ခွတ်ရှင်ထံ သူ့အား အရောက်ပို့ပေးခဲ့ကြတဲ့သူငယ်ချင်း ဗျတ်သဲယ်နှင့် လူငယ်သင်းအုပ်ဆရာ ဘွဲသဲယ်တို့ကို နွေဦး သတိရကျေးဇူးတင်နေမြဲပါ။

ဆယ်မြူရယ်စိုးလွင်