ဘာကြောင့် ဘုရားကျောင်းကို ပုံမှန်သွားဖို့ လိုအပ်ပါသလဲ

Churchအလုပ်များလွန်းသူတစ်ဦးအနေနဲ့ သင်ဘုရားကျောင်းကို ပုံမှန်တက်လေ့ရှိပါသလား။ လူအများစုက ဘုရား ကျောင်းမှာ ပုံမှန်၀တ်ပြုခြင်းအားဖြင့် သူတို့ပေးတာထက် သူတို့ပြန်ရတာ ပိုများတယ်လို့ ယုံကြည်ကြတဲ့အတွက် သွားရောက်ကြခြင်းဖြစ်တယ်ဆိုတာ လေ့လာဆန်းစစ်ချက်အရ သိရပါတယ်။ ဒါဆိုမိတ်ဆွေ သင် ဘုရားကျောင်းသွားဖို့  စိတ်မပါဘူးလား၊ သွားဖို့ သင့်ကို ဘာလှုံ့ဆော်မှုမှ မရှိဘူးလား။   ဘာကြောင့် သင်ဘုရားကျောင်း ကို သွားရောက် ၀တ်ပြုသင့်တယ်ဆိုတာ အောက်ပါ အချက် (၁၀)ချက် အားဖြင့် သင့်ကို ဘိတ်ခေါ်ပါရစေ။

၁။ အသက်ရှင်သော ခရစ်တော်ဘုရားနဲ့ မိတ်သဟာယဖွဲ့ရန်

ခရစ်တော်ဟာ သင့်အတွက် အရေးကြီးတယ်ဆိုတာ သင်သိခဲ့ရင်၊ ထိုအချက်က သင့်ကို ဘုရားကျောင်းသွားဖို့ လှုံ့ဆော်မှာဖြစ်ပါတယ်။ ခရစ်တော်ကို ယုံကြည်သူများ စုေ၀း၀တ်ပြုတဲ့နေရာမှာ ထိုသခင်လည်း ထိုသူများနဲ့ အတူရှိတယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။

ခရစ်တော်ဟာ ယုံကြည်သူများနဲ့ အတူရှိတယ်ဆိုတာ စစ်မှန်တဲ့အချက်ဖြစ်သလို ထိုသခင်ဟာ နှုတ်ကပတ်တော်အားဖြင့် ကြားနာတဲ့သူများရဲ့ အလယ်မှာ အမှန်တကယ် ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။  မဿဲ ၁၈:၂၀ မှာ လူနှစ်ဦးသုံးဦး စုရုံးတဲ့အလယ်မှာ ငါရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ နှုတ်ကပတ်တော်ကလည်း ယုံကြည်သူများ အတူတကွစုရုံးခြင်းအားဖြင့် ခရစ်တော်နဲ့ တစ်သားတကိုယ်တည်း ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါသေးတယ်။ ခရစ်တော် ဘယ်မှာ ရှိသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ သင်တို့ ယုံကြည်သူများရဲ့ အလယ်မှာရှိတယ် ဆိုတာပါပဲ။

အတိအကျပြောရမယ်ဆိုရင်တော့ သခင်ခရစ်တော်ဟာ နှုတ်ကပတ်တော်ဟောပြောတဲ့ ယုံကြည်သူများ စုဝေးရာအလယ်မှာ ရှိတယ်ဆိုတာပါပဲ။   လုကာ ၁၀:၁၆မှာ  သင်တို့၏စကားကို နားထောင်သောသူသည်  ငါ့စကားကို နားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။  ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော် မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏လို့ ဖော်ပြထားပါတယ်။  ကျွန်တော်တို့က နှုတ်ကပတ်တော်ကို ဟောပြောသူအားဖြင့် ကြားသလို ထိုဟောပြောတဲ့သူကိုလည်း ခရစ်တော်က သူအားဖြင့် စကားပြောစေတယ်ဆိုတာကို တွေ့ရပါတယ်။

ခရစ်တော်၏ ညစာစားပွဲ (The Lord’s supper)သို့ ပါ၀င်ကြသူများဟာလည်း ထိုသခင်ရဲ့ ကားတိုင်ပေါ်မှာ အသေခံခဲ့ခြင်းကို သတိရဖို့ရန်    အသွေးနဲ့အသားကို မိတ်သဟာယပြု စားသုံးဖြစ်တဲ့အတွက် ထိုသခင်နဲ့ တစ်သားတစ်ကိုတည်းဖြစ်ခြင်းကို ပြတဲ့အရာလည်း ဖြစ်ပါတယ်။ ယေရှုခရစ်ရဲ့ညစာစားပွဲကို ၀င်ရောက်ကြ သူများကို လည်း ပွဲတော်မင်္ဂလာ၀တ် (Communion) အဖြစ် သတ်မှတ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၁ကော ၁၀:၁၆-၁၇ တွင်လည်း ပွဲတော်မင်္ဂလာ၀တ်နဲ့ ပါတ်သက်ပြီး ဒီလိုဖော်ပြထားပါတယ်။ ငါတို့သည် ကျေးဇူးတော် ချီးမွမ်းရာ မင်္ဂလာခွက်ဖလား မူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။  ငါတို့ဖဲ့သော မုန့်မူကား၊ ခရစ်တော်၏ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။  မုန့်တလုံးတည်း ရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊   အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။ ဆိုလိုတာက ကို်ယ်တော်နဲ့ တစ်လုံးတစ်၀တည်း ဖြစ်ဖို့ရန် ကိုယ်တော်နဲ့ အတူ ညစာစားပွဲ (The Lord’s supper) သို့ ၀င်ရောက်ခြင်းဖြစ်တယ် ဆိုတာပါပဲ။

၂။ ခွင့်လွှတ်တတ်ရန်

ဘာကြောင့် ဗိမာန်တော်သို့ လာပါသလဲ။ ခရစ်တော် အဲ့ဒီမှာရှိလို့ဆိုတဲ့ အဖြေကို ပေးရမှာပါပဲ။ အဲဒီနေရာမှာ အပြစ်ကိုနောင်တရသူ ယုံကြည်သူများအတွက် အပြစ်လွှတ် ဖို့ရန် ထိုသခင်ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ ခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံပြီးသေခြင်းကို အောင်မြင်ခဲ့ခြင်းဟာလည်း ကျွန်တော်တို့ ဗိမာန်တော်မှာ ၀တ်ပြုရခြင်းရဲ့ အဓိက အချက်တစ်ခုပါပဲ။  ထိုသခင်ကြွလာရခြင်းဟာ လူများဆီကရယူဖို့ မဟုတ်ဘဲ၊ ကျွနု်ပ်တို့လူသားများကို ပေးဆပ်ရန်အတွက် ကြွလာရခြင်းဖြစ် ပါတယ်။  မိတ်ဆွေနဲ့ ကျွန်တော်တို့ အပြစ်များကို ဖြေလွှတ်ဖို့ရန် ထိုသခင်ကြွလာရခြင်း ဖြစ်ပါတယ်။  ဒါကြောင့် သတင်းကောင်းကိုဝေငှခြင်း၊ သန့်ရှင်းခြင်း အသက်တာ နဲ့ ကိုယ်တော်နဲ့တစ်လုံးတစ်ကိုယ်တည်း ဖြစ်ခြင်းအားဖြင့် ထိုသခင်ရဲ့ လူသားများ အပေါ် တန်ဖိုးရှိသောပေးဆပ်ခြင်းကို ရယူနိုင်မှာဖြစ်ပါတယ်။ တစ်ပါတ်တာ လုံး လောက ထဲမှာ ပင်ပန်းနွမ်း နယ်ပြီး၊ အပြစ်နဲ့ရှုပ်ထွေးနေတဲ့နောက် ဗိမာန်တော်ကိုလာရောက်ပြီး နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိမှာဖြစ်ပါတယ်။

၃။ ဘုရားသခင်၏အသံတော်ကိုကြားရန်

လောကထဲမှာ နေထိုင်စဉ် အသံပေါင်းစုံ၊ ရွေးချယ်စရာပေါင်းစုံနဲ့ သင်အသက်ရှင် နေထိုင်နေရတာကို သတိပြုမိပါသလား။    လူဘ၀ဆိုတာရှုပ်ထွေးမှုပေါင်းစုံ၊ အမှားအမှန် စသဖြင့်ရောထွေးလျက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင်ဗိမာန်တော်သို့ သွားရောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသံတော်ကို ဟောကြားသောနှုတ်ကပတ်တော်အားဖြင့်၄င်း၊  ကျမ်းစာတော်မြတ်အားဖြင့်၄င်း၊  ဂုဏ်တော်ကျူးဧခြင်းအားဖြင့်၄င်း သင်ကြားရမှာဖြစ်ပါတယ်။  ဘုရားရှင်က လူပရိသတ်အားလုံးကို စကားပြောသလိုတစ်ဦးတစ်ယောက်ချင်းစီကိုလည်း စကားပြောပါတယ်။ အမှန်တရားကိုလမ်းပြပေးသလို၊ ဘယ်အရာက မှားယွင်းနေတယ်ဆိုတာကိုလည်းဖော်ပြပေးပါတယ်။ ထိုသခင်ရဲ့အသံတော်အားဖြင့်နှစ်သိမ့်ခြင်း၊ ခွန်အားနှင့်ပြည့်ခြင်း၊ အနာရောဂါငြိမ်းခြင်းစတ့ဲ ထူးခြားတဲ့အရာများကိုခံစားရမှာဖြစ်ပါတယ်။ ထိုသခင်ရဲ့သန့်ရှင်းခြင်းအသံတော်အားဖြင့်မသန့်ရှင်းခြင်းများကိုပျောက်စေမှာဖြစ်ပါတယ်။ ထိုသခင်ရဲ့အသံတော်မှာသမာတရားနဲ့ပြည့်၀တာကိုတွေ့ရမှာဖြစ်တယ်။ ၀မ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ယုံကြည်သူများဟာ ကိုယ်တော်ထံမှ လမ်းပြပို့ဆောင်ခြင်းအတွက် ဆုတောင်းခဲ့ကြပေးမဲ့ ဘုရားသခင်ရဲ့ အမှန်တကယ်လမ်းပြပို့ဆောင်ခြင်းကိုတော့ ဘယ်တော့မှလိုက်မနာကြဘူးဆိုတာပါပဲ။

၄။ သမာကျမ်းစာတော်မြတ်ကို ပိုမို သိနားလည်စေရန်

ဒီနေရာမှာဆင်ခြေပေးစရာအချက်ရှိပါတယ်။  ဘုရားကျောင်းသွားဖို့မလိုပါဘူး၊ အိမ်မှာကျမ်းစာဖတ်နေရင်လည်းရပါတယ်ဆိုတဲ့အချက်ပါပဲ။   ဒီနေရာမှာ ကျမ်းစာတော်မြတ်ကို ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်မှာ လေ့လာခြင်းဟာ ကောင်းတဲ့အချက်ပါပဲ။  ဒါပေမဲ့ ဒါဟာ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်မြတ်ကိုကြားနားဖို့ အစားထိုးလုပ်ဆောင်ချက်တော့မဟုတ်ရပါဘူး။ ဘာကြောင့်လဲ။ သင်းအုပ်ဆရာဆိုတာက ဘုရားသခင် ခန့်ထားသောသူဖြစ်ပြီး ဘုရားရဲ့နှုတ်ကပတ်တော်မြတ်ကို ဟောပြောသူဖြစ်ပါတယ်။ (လုကာ ၁၀း၁၆၊ ဧဖက် ၄း၁၁-၁၆၊ ၁ တိ ၄း၁၃-၁၆၊ ၂တိ ၄း၁-၅၊ ဟေဗြဲ ၁၃း၁၇)မှာဖတ်ကြည့်မယ်ဆိုရင် သင်းအုပ်ဆရာအားဖြင့်ဘုရားကသင့်ကိုစကားပြောတယ်ဆိုတဲ့အချက်ကိုတွေ့ နိုင်ပါတယ်။   ဒါအပြင် သင်းအုပ်ဆရာဆိုသူများဟာလည်း ကျမ်းစာတော်မြတ်ကို အချိန်နှစ်ပေါင်းများစွာလေ့လာသင်ယူထားသူဖြစ်ပြီး ဘုရားပေးသော ဆုကျေးဇူးကို ခံထားရတဲ့ သူဖြစ်တယ် ဆိုတာပါပဲ။ ဒီနေရာမှာ ပြောစရာရှိတာက ကျွန်တော်တို့ လူသားများဟာ လူ့အတိုင်းအတာအားဖြင့် နေရာတိုင်းမှာ အထူးသဖြင့် မိမိလေ့လာထား တဲ့ ဗဟုသုတပိုင်းမှာ ကျွမ်းကျင်သူများလို့ ကိုယ့်ဖာသာကိုယ် သတ်မှတ်လေ့ရှိကြပါတယ်။

ဘုရားရှင်ရဲ့နှုတ်ကပတ်တော်နဲ့ ပါတ်သက်လို့တော့ ကျွမ်းကျင်စွာသိဖို့မလိုပါဘူးလို့ ထင်မှတ်တတ်ကြပါတယ်။ ဆေးကုသဖို့ဆရာ၀န်ဖြစ်ဖို့လိုတယ်၊  ကျွမ်းကျင်စွာ စာရင်းကိုင်နိုင်ဖို့ စီပီအေလိုဘွဲ့မျိုး လိုတယ်၊  စက်ပိုင်းဆိုင်ရာပြုပြင်တတ်ဖို့စက်ပြင်တဲ့ သင်တန်းအောင်လက်မှတ်ရဖို့လိုတယ် စသဖြင့်အတိုင်းအတာနဲ့သတ်မှတ်လေ့ရှိကြပါတယ်။ ကျမ်းစာတော်မြတ်နဲ့ပါတ်သက်လာရင်တော့သိသယောင်ယောင်လုပ်တတ်ကြပါတယ်။ ယုံကြည်သူများအနေနဲ့ကျမ်းစာတော်မြတ်ကိုအမြဲဖတ်ရှုနေဖို့လိုပါတယ်။ ဒါမှလည်း သင်းအုပ်ဆရာရဲ့ဟောပြောသွန်သင်ချက်တွေကိုနားလည်နိုင်မှာဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ သင်းအုပ်ဆရာများဘက်ကပြောဆိုနေတာတော့မဟုတ်ပါဘူး။ သာမန်အတွေးနဲ့တွေးနေမှာစိုးလို့သတိပေးနေရခြင်းဖြစ်ပါတယ်။

၅။ ၀ိညာဉ်အစာကျွေးရန်

ဒါကဘာကိုဆိုလိုတာလဲ၊  ၀ိညာဉ်ကအဟာရပြည့်ဖို့လိုသလား၊    ကျမ်းစာအရလိုအပ်ပါတယ်လို့ဖြေရမှာဖြစ်ပါတယ်။ တရားဟောရာကျမ်း ၈း၃ နဲ့ မသဲ ၄း၄၊ ၁ပေ ၂း၂ ကိုဖတ်မယ်ဆိုရင်လူဟာမုန့်အားဖြင့်သာအသက်မွေးရသည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူချက်အားဖြင့်သာ အသက်မွေးရမယ် ဆိုတာကိုဖော်ပြထား တာတွေ့နိုင်ပါတယ်။  ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မြတ်ဟာ သင့်၀ိညာဉ်အတွက် အစာဖြစ်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ လူအများ စုေ၀းသော၀တ်ပြုခြင်းဟာ သင့်၀ိညာဉ်အတွက် အကောင်းဆုံးအစာကျွေးခြင်းဖြစ်ပါတယ်။ (ယောဟန် ၆း၂၇)မှာယေရှုက မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာမကြိုးစားကြနှင့်။   လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှတည်တတ်သော အစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော် ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ဒါကြောင့် လူတွေဟာ သူတို့ကိုယ်ကာယအတွက်ဘဲ အစာကို သဲကြီးမဲကြီးရှာဖွေနေကြပြီး ကိုယ့်၀ိညာဉ်အတွက် တော့ အစာကျွေးဖို့မေ့ထားကြတာ၀မ်းနည်းစရာပါပဲ။

၆။ ချစ်တတ်ရန်၊ အားပေးတတ်ရန်

ကျွန်တော်တို့အားလုံးအခက်အခဲနဲ့တွေ့ကြုံရတတ်ပါတယ်။  စိတ်ပျက်ခြင်းနဲ့ဘာလုပ်ရမှန်းကိုမသိတဲ့အချိန်တွေလည်းရှိကြပါတယ်။ စိတ်ပျက်စရာတွေ၊ နာကျင်မှုတွေနဲ့ အမြဲလုံးထွေးနေတတ်ကြပါတယ်။ ဘုရားသခင်ကအာဒံကိုပြောသလို လူသည်တစ်ဦးတစ်ယောက်တည်းမနေကောင်းဆိုသလိုပေါ့။ ကိုယ်ထမ်းရသော၀န်ကို ဘာလို့ကိုတစ်ဦးတည်းထမ်းမှာလဲ၊ ဗိမာန်တော်သို့ လာခြင်းဟာ သင်နဲ့သင်ရဲ့ မိတ်ဆွေများ မိတ်သဟာယပြုခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတစ်ယောက်နဲ့ တစ်ယောက် အားပေးခြင်း၊ ရင်းနှီးနွေးထွေးစွာပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။ ပိုမိုနက်နက်နဲနဲပြောလိုတာကတော့ခရစ်တော်ရဲ့ချစ်ခြင်းအားဖြင့်တစ်ယောက်နဲ့တစ်ယောက်နှစ်သိမ့်ခြင်း၊  လိုအပ်ချက်များကို လမ်းညွန်ခြင်းစသဖြင့် မိတ်သဟာယပြုခြင်းဖြစ်ပါတယ်။  ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မြတ်အားဖြင့်ယုံ ကြည်သူအချင်းချင်း ဘယ်လောက် ၀ိညာဉ်ပိုင်းဆိုင်ရာမှာ တည်ဆောက်နိုင်သလဲဆိုတာအရေးကြီးပါတယ်။ဒါကြောင့်ဘုရားကျောင်းကိုသွားပါ၊ ချစ်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အားပေးတိုက်တွန်းပါ။

၇။ ဆုတောင်းရန်အတွက်

ယေရှုက မသဲ ၁၈း၁၉ မှာ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆု တို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။ ဖော်ပြထားပါတယ်။  ဘုရားရှင်ကို ယုံကြည်သူများရဲ့ ဆုတောင်းပဌာနဟာ တန်ခိုးနဲ့ပြည့်ပါတယ်။ ဘုရားကျောင်းသို့ ပုံမှန်မလာပဲ   တစ်ဦးတည်း ဆုတောင်းနေသူများအဖို့ကတော့ သူ့ရဲ့လိုအပ်ချက်ကိုအများကဘယ်လိုမှမသိရှိနိုင်ပါဘူး။   ဒါကြောင့်ဘုရားကျောင်းသို့ လာပြီး  မိမိလိုအပ်ချက်များအတွက်  အများနဲ့အတူဆု တောင်းခံဖို့လိုပါတယ်။

၈။ သင့်ရဲ့မိတ်ဆွေယုံကြည်သူများကိုမေတ္တာထားတတ်ရန်၊ အားပေးတတ်ရန်

ယုံကြည်သူခရစ်ယာန်များရဲ့အဓိကကျင့်၀တ်ကတော့ကိုယ်နဲ့စပ်ဆိုင်သူများကိုကိုယ်နဲ့အမျှချစ်ဖို့ပဲဖြစ်ပါတယ်။ယောဟန် ၁၃ မှာပြောထားပါတယ်။ လူအများစုေ၀းရာ ဗိမာန်တော်သို့ သွားရောက်ရန်ပျက်ကွက်ခြင်းဟာလည်းတတိယပညာတ်တော်ဖြစ်တ ဲ့ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းဟာ ထိုနေ့ရက်ကို အောင်းမေ့လောဆိုတဲ့ အချက်ကိုဖောက်ပြက်ရာရောက်ပါတယ်။  လူတစ်ဦးနဲ့တစ်ဦးစုေ၀းခြင်းမရှိပဲနဲ့တစ်ဦးရဲ့လိုအပ်ချက်ကိုကျန်တစ်ဦးက ဘယ်လိုသိနိုင်ပါမည်လဲ။ ကျွန်တော်တို့ ဗိမာန်တော်မှာ စုေ၀း၀တ်ပြုခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ရင်တောင်မှ ကျွန်တော်တို့ အတူရှိနေခြင်းဟာ တစ်ဦးနဲ့တစ်ဦး တန်ခိုးနဲ့ပြည့်၀တဲ့ အားပေးမှုမျိုးဖြစ်တယ်ဆိုတာ ထပ်မံသတိပေးလိုပါတယ်။

၉။ အတူတကွ၀တ်ပြုကိုးကွယ်ရန်

ကျမ်းစာတော်မြတ်အရကျွန်တော်တို့ယုံကြည်သူများဟာအတူတကွ၀တ်ပြုဖို့လိုအပ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ ဖန်းဆင်ရှင်ဘုရားသခင်ရဲ့ ဖန်ဆင်းခံ လူသားများဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိတဲ့အရာ အားလုံးဟာ ဘုရားပေးအပ်ထားတဲ့ ဆုကျေးဇူးများသာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ အတူတကွ၀တ်ပြုကိုးကွယ်ခြင်း၊   ချီးမွမ်းခြင်း၊   ဆုတောင်းခြင်းကို  အင်မတန်မှနှစ်သက်ပါတယ်။     ယုံကြည်သူများအတူတကွ ဆုတောင်းခြင်းဟာ ဘုရားသခင်က သခင်ခရစ်တော်အားဖြင့်ပေးအပ်ထားတဲ့ အပြစ်လွွှတ်ခြင်းဖြစ်တယ်ဆိုတာ ဓမ္မသစ်ကျမ်းမှာဖော်ပြထားခြင်းအားဖြင့် သိနိုင်ပါတယ်။

သားတော်ယေရှုအားဖြင့် ကျွန်တော်တို့အားလုံး အပြစ်လွှတ်ခြင်းခံစားရသလို ထာ၀ရအသက်ကို ပိုင်ဆိုင်ကြသူများ လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က ကျွန်တော်တို့ရဲ့ လူအများနဲ့ အတူချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ ဂုဏ်တော်ကျူးဧခြင်းများကို အင်မတန်မှနှစ်သက်ပါတယ်။ ကျွန်တော်တို့ဟာသုံးပါးတစ်ဆူဖြစ်တော်မူသော ခမည်းတော်၊သားတော်၊ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားကို ကိုးကွယ်၀တ်ပြုခြင်းဟာလည်း ကျွန်တော်တို့ကိုိဖန်းဆင်းထားတဲ့ ဘုရားရှင်ရဲ့အလိုကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ ဖန်ဆင်းရှင်ကို ၀တ်ပြုကိုးကွယ်ခြင်းဟာလည်း ကျွန်တော်တို့ဟာ ကိုယ်တော်နဲ့ တသားတည်းဖြစ်ခြင်းကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်။    ဖန်ဆင်းရှင်ကို မကိုးကွယ်မ၀တ်ပြုခဲ့ရင် သင့်အသက်တာမှာ တစ်ခြားသောအရာများဖြစ်တဲ့ သင့်ရဲ့ပိုင်ဆိုင်မှုများ၊ ငွေကြေးချမ်းသာကြွယ်၀မှုများ၊  သင့်အလုပ်စသဖြင့် ထိုအရာများအပေါ်မှာ သင်ကိုးစားပြီး အသက်ရှင်သောသူဖြစ်သွားပါလိမ့်မယ် ဆိုတာ သတိပေးပါရစေ။

၁၀။ သတင်းကောင်းကိုပိုမိုကျယ်ပြန့်စေရန်

နောက်ဆုံးအနေနဲ့ဖော်ပြလိုတာကတော့ဗိမာန်တော်သို့သွားရောက်၀တ်ပြုခြင်းဟာခရစ်တော်ရဲ့သတင်းကောင်းကိုကျယ်ပြန့်ဖို့ဆိုတာပါပဲ။ ယုံကြည်သူများရဲ့ အသင်းတော်မှာ အရေးကြီးတဲ့အချက်ဖြစ်တဲ့လူမျိုးတကာတို့အားငါ့တပည့်ဖြစ်စေခြင်းဆိုတဲ့    မသဲ ၂၈း၁၉ မှာဖော်ပြထားတဲ့အချက်ပါပဲ။   ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ သတင်းကောင်းများဖြစ်တဲ့ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ အပြစ်လွှတ်ခြင်း၊  ယုံကြည်သူများအတွက် ကောင်းကင်ဘုံသို့ ၀င်စားခွင့်ရခြင်း စသည်များကို ဟောပြောဖို့ လိုပါတယ်။ အသင်းတော်ရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်နိုင်ငံသို့ လူအများ ၀င်စားခွင့်ရရှိစေခြင်းဖြစ်ပါတယ်။

ဘုရားကျောင်းသို့ ပုံမှန်သွားရောက်၀တ်ပြုခြင်းအားဖြင့် သတင်းကောင်းကို ဘယ်လိုကျယ်ပြန့်စေနိုင်ပါသလဲ။ နည်းပေါင်းစုံရှိပါတယ်။ ပထမအနေနဲ့ သင့်ရဲ့ဒေသန္တရ အသင်းတော်များ သင်အလှူငွေအားဖြင့် ပါ၀င်ခြင်းဖြင့် သင့်နေထိုင်ရာနေရာမှာ ခရစ်တော်ရဲ့သတင်းကောင်းကို ပိုမိုဟောပြောနိုင်မှာဖြစ်ပါတယ်။ ယုံကြည်သူများရဲ့ အလှူငွေအားဖြင့် ပါ၀င်ခြင်းမရှိတဲ့နေရာမှာ ထိုနေရာတဲ့ သာသနာဟာမှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။  အသင်းတော်သို့ပုံမှန်သွားရောက်ခြင်းအားဖြင့်   သင့်ပုံမှန်ပေးလှူနိုင်မှာဖြစ်ပါတယ်။    ဒုတိယအချက်အနေနဲ့ကတော့ အသင်းတော်မှာ ဟောကြားတဲ့နှုတ်ကပတ်တော်မြတ်ကိုကြားနာခြင်းအားဖြင့် သင်သည်လည်း ၀ိညာဉ်ပိုင်းဆိုင်ရာမှာ ပိုမိုနိုးကြားလာမှာဖြစ်ပြီး ထိုသတင်းကောင်းများ ကိုပြန်လည်ေ၀ငှနိုင် မှာဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ ဘုရားကျောင်းသို့ ပုံမှန်လာရောက် သူများအနေနဲ့ ခရစ်တော်ရဲ့အသက်ရှင်ခြင်းဟာလူသားများအတွက်ဘယ်လိုအဓိပါယ်ရှိတယ်ဆိုတာကို  သင်ကပြန်လည်ေ၀ငှနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ သင်ဗိမာန်တော်သု့ိ ပုံမှန်လာရောက်ခြင်းအားဖြင့် အချိန်တိုင်းမှာ သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းများကို သင်ခေါ်ဖိတ်ခြင်းအားဖြင့် သူတို့လည်း ခရစ်တော်ရဲ့ သတင်းကောင်းကိုကြားခွင့်ရ မှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ- သင့်ကို ဘုရားသခင်ရဲ့ဗိမာန်တော်မှာ မကြာမီ တွေ့ဖို့မျှော်လင့်နေပါမယ်။

ကိုသက်ခိုင်
thet.tkm@gmail.com

မူရင်းဆောင်းပါး- Ten Good Reasons to GO to Church by Peter Mattice from The Christian Post

Save