အကျဉ်းချုံးဖေါ်ပြရပါက သမ္မာကျမ်းပါ ပရောဖက်ပြုချက်များ ငါးပုံသုံးပုံခန့် ပြည့်စုံလာပြီး ကျန်သောပရောဖက် ပြုချက်များ လည်း လုံးဝပြည့်စုံလာမည့် သက်သေ များရှိနေပါသည်။ ဥပမာ ယေရှုဘုရားဒုတိယအကြိမ်လောကသို့ ကြွဆင်းလာချိန်နီးလျှင် စစ်မက်များ၊ ငတ်မွတ်မှုများ၊ မြေငလျင်များ၊ ကာလနာများနှင့် လူများချစ်ခြင်းမေတ္တာ ခေါင်းပါးလာကြမည်ဟု ယေရှုဘုရားပရောဖက် ပြုချက်များအတိုင်း ထိုအမှုတို့သည် နှစ်စဉ် အဆပေါင်းများစွာ တိုးလို့သာ လာနေခြင်းတို့ကြောင့် ဖြစ်ပါသည်။
သမ္မာကျမ်းပါ လူပုဂ္ဂိုလ်များ၊ နေရပ်ဒေသများ၊ အဖြစ်အပျက်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များတို့ကို ရှေးဟောင်း သုတေသီများက တိုက်ဆိုင်စစ်ဆေးရာတွင် အချက်အလက်များ နှစ်သောင်းငါးထောင်ထက်မက တူးဖေါ်တွေ့ရှိနိုင်ခဲ့ပြီး ဖြစ်ပါသည်။ဓမ္မဟောင်းကျမ်းပါ အဖြစ်အပျက်များ၊ နေရာဒေသများနှင့် လူပုဂိ္ဂုလ်များ အမှန်ပင်ရှိ ခဲ့ကြောင်းကို ဘူမိဗေဒနှင့် မနုဿဗေဒ ပညာရှင်များက တူးဖေါ်တွေ့ရှိခဲ့ ကြပေသည်။ ဥပမာတစ်ခုကို ဖေါ်ပြရပါက ကမ္ဘာဦးကျမ်း (ကမ္ဘာဦးကာလ) ပါ ဥဖရတ်မြစ်နှင့် တိဂရိမြစ်တို့သည် ယနေ့တိုင် စီးဆင်းလျက်ရှိပြီး နောဧ၏ မြစ်ဖြစ်သော နိမ်ရောဒ တည်ခဲ့သည့် ကာလမြို့ကို အေဒီ ၁၈၈၆ ခုတွင်တူးဖေါ် နိုင်ခဲ့ပါသည်။ မီလာဘောရိုး ဆိုသည့် ယေးလ်တက္ကသိုလ်ပါမောက္ခက ပါလက်စတိုင်းမြေပေါ်တွင် ရှာဖွေတူးဖေါ်မှုများ ပြုရင်း သမ္မာကျမ်းစာတော်မြတ်ကို ယခင်ထက် ပိုပြီးရိုသေလေးမြတ်လာသော သုတေသီ တွေ တစ်ဦးထက်မကပါဟု ဆိုခဲ့ပါသည်။
၁၉၄၇ တွင် ဆားငံအိုင်ခေါ် ပင်လယ်သေ၏ ကမ်းခြေတစ်နေရာရှိ ဂူများထဲ တွင် ဘီစီ ၂၀ဝ ခန့်က ကူးရေးထားသော ဓမ္မဟောင်းကျမ်းကို ပြန်လည်တွေ့ရှိခဲ့ပါသည်။ ဧသတာဝတ္ထု မှလွဲပြီး ကျန်ကျမ်းများအားလုံး၏ အစိတ်အပိုင်းများတို့ကို ပြန်လည် တူးဖေါ်တွေ့ရှိခဲ့ပါသည်။ ယေရှု၏သက်တော်စဉ်အကြောင်းကို အများဆုံး ကြိုတင် ပရောဖက်ပြု ရေးသားထားသည့် ဟေရှာယ အနာဂတ္တိကျမ်းကိုတော့ အစမှအဆုံးတိုင် တစ်ကျမ်းလုံးကို ရရှိခဲ့ပါသည်။ ထိုကျမ်းသည် လူတို့၏ကိုးကွယ်မှုဆိုင်ရာရွေးချယ်ရာ၌ အရေးအပါဆုံးသော သက်သေကျမ်းများလည်း ဖြစ်ပါသည်။ ထိုပရောဖက်ပြုချက်များ အတိုင်း ယေရှုတွင်ပြည့်စုံခဲ့ပါသည်။
နောက်တစ်ချက်အနေဖြင့် အံ့ဩဖွယ်စုစည်းထားမှုကြောင့် ဖြစ်ပါသည်။ နှစ်ပေါင်း ၁၆၀ဝ အတွင်းလူပေါင်း လေးဆယ်ခန့်က မတူညီသောတိုက်ကြီးသုံးခု၊ မတူညီသော ဘာသာစကားတို့ဖြင့် ရေးသားခဲ့ကြသော်လည်း ထို ၆၆ ကျမ်းပါ သမ္မာကျမ်းသည် အစီအစဉ်မကျမှုများ၊ ရှုပ်ထွေးမှုများ၊ ရှေ့နောက် မညီညွတ်မှုများ ရှိလိမ့်မည်ဟု ယူဆရလင့်ကစား စာအုပ်အစမှသည်အဆုံးတိုင်အောင် အံ့ဩဖွယ်ရာ တသမတ်တည်းရှိနေပြီး အကြောင်းအရာပိုင်းတွင်လည်း စည်းဝါးကိုက်၍ ညီညွတ်မှု ရှိနေပေသည်။
အနာဂတ္တိကျမ်းများ ပြည့်စုံမှု ရှိလာခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များနှင့် သမ္မာကျမ်းစာ၏ အံ့မခန်း စုစည်းထားမှုများအရ သမ္မာကျမ်းစာ၏ မြင့်မြတ်သည့် မူလဇစ်မြစ်နှင့် သမိုင်းကြောင်းဆိုင်ရာ အထောက်အထား ခိုင်လုံမှုတို့ကို မယုံကြည်၍ မရနိုင်ပေ။ သမ္မာကျမ်းစာကို ဘုရား၏ရှုဒေါင့်မှရေး၍ သမိုင်းကို လူကမြင်တွေ့သည့်အတိုင်း မှတ်တမ်းတင်ခဲ့ကြ ပါသည်။ ကျမ်းစာ၏ ပရောဖက်ပြုချက်များ ပြည့်စုံလာမှုနှင့် မှန်ကန်မှု ရှိကြောင်းကို သမိုင်းမှတ်တမ်းများက အတည်ပြုပေး နေကြပါသည်။