မိရိုးဖလာ

ကမ္ဘာပေါ်က တိုင်းရင်းသား လူမျိုးနွယ်စု အားလုံးမှာ ချစ်စရာကောင်း တဲ့ ဓလေ့ထုံးစံတွေ ကိုယ်စီ ရှိကြတယ်။ ကျုပ်တို့ အရှေ့ တိုင်းသား တွေမှာလည်း ဒီလိုပါဘဲ။ ရှေးနှစ်ပေါင်း များစွာ မိဘ ဘိုးဘွားတွေရဲ့ လက်ထက်က စပြီး လက်ဆင့်ကမ်း ခံယူကျင့်သုံးလာခဲ့တဲ့ ထုံးတမ်းအစဥ်အလာတွေကို တွေ့ရတယ်။ အဲ့ဒီအထဲမှာ “မိရိုးဖလာ” ကိုးကွယ် ခြင်းဟာလည်း အပါအဝင်တစ်ခုပေါ့။ “ခင်ဗျား ဘာကိုးကွယ်သလဲ”လို့ မေးလိုက်တဲ့အခါ အများစုက “မိရိုးဖလာ” ကိုးကွယ်မှု လို့ အဖြေပေးလေ့ရှိကြတယ်။ ဒါကြောင့် “မိရိုးဖလာ”ကိုးကွယ်မှုရဲ့ဇစ်မြစ်ကို အလေးအနက်စဥ်းစားကြည့် သင့်တယ်။ နောက်ပြီး ကျုပ်သိရှိထားတဲ့ “မိရိုးဖလာ”အကြောင်းကို တင်ပြချင်တယ်။

လက်တွေ့ကျကျ ရိုးရိုးလေးစဥ်းစားကြည့်ရအောင်။ ကမ္ဘာပေါ်မှာ ကျုပ်တို့လက်ရှိ မြင်တွေ့နေကြရတဲ့ ဘယ်ပစ္စည်းမဆို၊ ကြည့်လိုက်တာနဲ့ ဒီပစ္စည်းရဲ့နောက်ကွယ်မှာ ဖန်တီး ဖန်ဆင်း(တီထွင်)သူ ပုဂိ္ဂုလ်တစ်ဦးရှိတယ်ဆိုတာ ငြင်းဆန်လို့ မရနိုင်ပါဘူး။ ဥပမာ- အိမ်တစ်လုံး၊ မော်တော်ကားတစ်စင်း၊ ကွန်ပြူတာတစ်လုံး၊ ဒါမှမဟုတ် လေယာဥ်ပျံ တစ်စင်းဆိုပါတော့။ ဒီပစ္စည်းတွေမရှိခင်မှာ အဲဒီပစ္စည်းကို တီထွင်(ဖန်ဆင်း)တဲ့ ပုဂိ္ဂုလ်ရှိတယ်ဆိုတာ ကျုပ်တို့ အလို အလျောက် ယုံကြည်ကြတယ်။ အဲဒီပစ္စည်း ပြုလုပ်တီထွင်နေတာကို ကျုပ်တို့ မိမိကိုယ်တိုင် ထိုင်ကြည့်နေတာမဟုတ်လို့ ဒါမှမဟုတ် ဒီပစ္စည်းတီထွင်လုပ်ဆောင်ထားတဲ့ ပုဂိ္ဂုလ်ကို တစ်ခါမှ မမြင်ဘူးလို့ အဲဒီပစ္စည်းဟာ”သဘာဝအလျောက်” ဖြစ်ပေါ်လာတာလို့ ကျုပ်ပြောလိုက်ရင် လူတွေက ကျုပ်ကိုဘယ်လိုသဘောထားကြမလဲ။ ဘယ်လိုလူစားအဖြစ် သတ်မှတ် ကြမလဲ။ စဥ်းစားကြည့်ပေါ့။
ဒီလိုပါဘဲ ရှေးဦးစွာ သမ္မာကျမ်းစာက “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏”လို့ ဖော်ပြထားတယ် (ကမ္ဘာ၊ ၁း၁)။ လူသားအားလုံးကို ပထမဦးဆုံးနဲ့ အရေးတကြီး ဘုရားသခင် သိရှိစေလိုတဲ့ အချက်ကတော့ ကျုပ်တို့ အသက်ရှင်သွားလာ ဖြစ်တည်နေထိုင်နေတဲ့ ကမ္ဘာမြေကြီး၊ ကျုပ်တို့အပေါ်မှာ ရှိတဲ့ မိုးကောင်းကင်ကြီးဟာ သူ့အလိုအလျောက် ဖြစ်ပေါ်လာတာမဟုတ်ဘဲ၊ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ လက်ရာတော် တစ်ခုဖြစ်တယ်ဆိုတာပါဘဲ။ ပြီးတော့ အလင်းနဲ့ အမှောင်၊ ကုန်းမြေ၊ ပင်လယ်သမုဒ္ဒရာ၊ သစ်ပင်တောတောင်၊ ကြယ်နယ်က္ခတ်တာရာ၊ ဂြိုလ်တွေနဲ့ တိရစ္ဆာန်အမျိုးမျိုး စတဲ့သက်ရှိသက်မဲ့ အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းတော် မူခဲ့ပြီးအဆုံးမှာ ကျုပ်တို့လူသားကို ဖန်ဆင်းတော်မူခဲ့ကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြထားတယ်။ “ထိုနောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏ (ကမ္ဘာ၊ ၂းရ)။ ဒါဟာ လူသားတွေအားလုံးရဲ့ “ဖခင်” လူယောက်ျားရဲ့ အစဖြစ်တယ်။ “ထာဝရအရှင် ဘုရားသခင်ကလည်း ယောကျ်ားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏ (ကမ္ဘာ၊ ၂း၁၈)။” ဒါနဲ့ ဖန်ဆင်းရှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းတော်မူခဲ့တယ်။ “ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူသည် အိပ်ပျော်နေစဥ် နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျင် လူထဲကထုတ်သော နံရုံးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏” (ကမ္ဘာ၊ ၂း၂၁-၂၂)။

ဒါဟာ လူသားတွေကို မွေးဖွားတဲ့ “မိခင်” ဖြစ်သူရဲ့ ဇစ်မြစ်ပါ။ ဒါကြောင့် လူယောကျ်ားဟာ လူမိန်းမထက် နံရိုးတစ်ချောင်း လျော့နေတာတွေ့ရတယ် (ဆရာဝန်တွေကို မေးကြည့်ပါ)။ ဒါဟာ လူသားတွေအားလုံးရဲ့ ပထမဦးဆုံးဖခင်နဲ့ မိခင်တို့ရဲ့ဖြစ်စဥ်ပေါ့။ လူသားတွေအားလုံးရဲ့ “မိခင်”ကို ဖန်ဆင်းတဲ့ “အရိုး” ဟာ လူသားတွေအားလုံးရဲ့ “ဖခင်”ဆီက “လာ” တာဖြစ်ကြောင်း၊ သမ္မာကျမ်းစာက ရှင်းလင်း စွာဖော်ပြထားတယ်။ ဒီကနဦးလူသား(၂)ဦးဟာ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ လက်ရာဖြစ်ပြီး သူတို့(၂)ဦးဟာ ဖန်ဆင်းရှင် ကို ကိုးကွယ်ခဲ့ကြတယ်။ ဒါကြောင့် “မိရိုးဖလာ”ကိုးကွယ်မှုဟာ စကြာဝဠာ သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ဖန်ဆင်း တော်မူတဲ့ ဘုရားသခင်ရဲ့ အစီအမံဖြစ်တာမို့ စစ်မှန်တဲ့ “မိရိုးဖလာ” ကိုးကွယ်မှုဟာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို ကိုးကွယ်ခြင်းသာဖြစ်ကြောင်း မေတ္တာနဲ့ဖော်ပြလိုက်ပါတယ်။ “ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျမရှိ” (ယော၊ ၁း၃)။