လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတစ်ဦး

“ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြား မှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်း ရှိ၏။

ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ”( ၁ တိမောသေ ၂း၅၊၆ )

အာမခံ။ အာမခံ ဆိုသည်မှာ အဘယ်နည်း။ ဤ အာမခံ ( Mediator ) ဟူသော စလုံး၏ အဓိပ္ပါယ်ကို Webster’s New World Dictionary တွင် ရှာမတွေ့နိုင်သည်မှာ ထူးဆန်းလှသည်။ New King James Version မှ လွဲ၍ အခြားဘာသာပြန်ကျမ်းများ၏ ဓမ္မဟောင်းကျမ်းတွင်လည်း ဤ စလုံးကို မတွေ့ရချေ။ NKJV ကမူ ယောဘ ၉း၃၃၌ Mediator ဟူသော စလုံးကို သုံးနှုန်းထားသည်။ King James Version ကမူ ထိုကျမ်းပိုဒ်က ထိုစလုံးကို ”daysman”  ဟု သုံးထားပြီး New International Version က “ ကြားဝင်စေ့စပ်ပေးသူ” ဟူ၍ ဘာသာပြန်သည့်သဘောမဟုတ်ဘဲ အဓိပ္ပါယ်ဖွင့်ဆိုသည့် သဘောဆန်စွာဖြင့် သုံးနှုန်းထားသည်။ ဤ စလုံးကို ဓမ္မသစ်ကျမ်း– ဂလာတိ ၃း၁၉၊၂၀၊ ၁တိမောသေ ၂း၅၊ ဟေဗြဲ ၈း၆၊၉း၁၅၊ ၁၂း၂၄ အသီးသီးတို့၌ ၆ ကြိမ်တွေ့ရသည်။ ဂလာတိ၌ မောရှေကို အာမခံအဖြစ် ဖော်ပြထားသည်။ ၁ တိမောသေ နှင့် ဟေဗြဲတို့၌မူ ယေရှုကို အာမခံအဖြစ် ဖော်ပြသည်။

အာမခံဆိုသည်မှာ ကြားဝင်ဖျန်ဖြေပေးသူ၊ အောင်သွယ်ပေးသူဖြစ်သည်။ ၁ တိမောသေ ၂း၅ ၌ တွေ့ရသော အာမခံသည် “ ဘုရားသခင်နှင့် လူ အကြား” အမှုဆောင်ပေးသူဖြစ်သည်။ ထိုအာမခံမှာ “ လူသားဖြစ်သော ယေရှုခရစ်” ပင် ဖြစ်သည်။

အာမခံ လိုအပ်ရခြင်း

အပြစ်တရားနှင့် ပတ်သက်လျှင် အမျိုးသား၊ အမျိုးသမီးတိုင်း ကြားဝင် ဖျန်ဖြေပေးသူ အာမခံ လိုအပ်သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေ ပျက်ကြပြီ ” ( ရောမ ၃း၂၃ )။ လူအတော်များများအတွက်မှာ အပြစ်သည် ကြီးလေးလှသော အရာ မဟုတ်သည့်အပြင် အပြစ်၊ ဒုစရိုက်များ၌ပင် ပျော်မွေ့နေကြသည်။ သို့သော် အပြစ်၌ အလွန်ဆိုးရွားသော အကျိုးဆက်ရှိသည်။ ဘုရားနှင့် လူကြားတွင် ချောက်ကမ်းပါးကြီးကို ဖြစ်ပေါ်စေသည်။ ပရောဖက် ဟေရှာယက ဤ သို့ဖော်ပြထားသည်။ “  သင်တို့ဒုစရိုက်သည် သင်တို့ကိုဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။” ( ဟေရှာယ ၅၉း၂ )။

ကောလောသဲ ၁း၂၁ တွင် အပြစ်သားများသည် “  ဆိုးညစ်သောအကျင့်” ကြောင့် “ဘုရားသခင်နှင့်ကွာရှင်း၍” “ဘုရားသခင်၏ရန်သူ” ဖြစ်ကြောင်း ဖော်ပြထားသည်။ သူတို့သည် ဘုရားသခင်၏ ရန်သူနေရာ၌ ရပ်တည်နေကြသည် ( ရောမ ၈း၉)။ သူတို့ခေါင်းအပေါ်၌ ဘုရားသခင်၏ အမျက်တော်သက်ရောက်သည်။ “ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူတို့ အပေါ်၌ သင့်ရောက်ပေ၏။”     ( ကောလောသဲ ၃း၆ )။ ဘုရားသခင်၏ အမျက်တော်ကို ခံရ၍ ထိုဘုရားသခင်နှင့် ထာဝရ ခွဲခွာရမည့် အခြေအနေသည် အဘယ်မျှလောက် ကြောက်မက်ဖွယ် ကောင်းသနည်း။ “သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။”        ( ရောမ ၂း၃)။

အပြစ်နှင့် ပြည့်သော လူသားနှင့် သန့်ရှင်းသော ထိုဘုရားအကြားတွင် နှစ်ဖက်ကြား ပြုပြင်ပြောင်းလဲမှု လိုအပ်နေသည်။ ဘုရားသခင်အပေါ် အပြစ်သားများ၏ ရန်သူသဖွယ်ရပ်တည်မှုနှင့် ရိုင်းစိုင်းမှုတို့ကို ပြောင်းလဲပစ်ရန် လိုအပ်သည်။ စိတ်နေစိတ်ထားပြောင်းလဲမှုနှင့် ဦးတည်ချက် ပြောင်းလဲမှုများ အလွန်တရာ လိုအပ်နေသည်။ အပြစ်သားများအပေါ် ဘုရားသခင်ထားရှိသည့် ရန်ငြိုးကိုလည်း မဖြစ်မနေ ပယ်ဖျက်ရမည်။ ဘုရား၏ အမျက်တော်ကို သင့်မြတ် ပြေလည်ခြင်းနှင့် အစားထိုးရန် လိုအပ်သည်။ ဘုရားသခင်သည် သူ၏ သန့်ရှင်းခြင်းကြောင့် အပြစ်ကို ဂရုမစိုက်၊ အမှုမထားဘဲ မနေနိုင်ပေ။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုယူဆောင်လာပေးနိုင်မည့်သူ အာမခံ မဖြစ်မနေ လိုအပ်သည်။

အာမခံ၌ ရှိအပ်သော အရည်အချင်းများ

အာမခံနေရာသည် မည်သူမဆိုဝင်ရောက်လုပ်နိုင်သော နေရာမဟုတ်။ အာမခံဖြစ်သူသည် လူသားမျိုးနွယ်ကို ကိုယ်စားပြုနိုင်သော လူသား ဖြစ်ရမည်။ ထိုအာမခံသည် “ လူသားဖြစ်သော ယေရှုခရစ်” မှတပါး အဘယ်သူဖြစ်နိုင်မည်နည်း။ “ ကယ်တင်ရှင် ယေရှုခရစ်” မဟုတ်၊ “ဘုရင် ယေရှုခရစ်” မဟုတ်၊ “ လူသား” ဖြစ်သည်။

အာဒံသည် ပထမဆုံးလူသားဖြစ်ကြောင်းနှင့် ဥယျာဉ်တော်၌ ဘုရားသခင်ကို နာမခံခဲ့ကြောင်း ကျွနု်ပ်တို့ သိပြီးဖြစ်ပေမည်။ သူ၏ အပြစ် သည် လူသားမျိုးနွယ်တစ်စုလုံးအပေါ် ကြီးမားစွာ ဂယက်ရိုက်ခတ် လျက်ရှိသည်။ ရောမ ၅း၁၂ တွင် ဤသို့ ကျွနု်ပ်တို့ တွေ့ရသည်။ “အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်း တို့ သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။”  ထို့အပြင် “လူတယောက်သည် ပြစ်မှားသောကြောင့် ထိုတယောက် သောသူ အားဖြင့် သေခြင်းတရားသည် အစိုးရ၏။…ထိုကြောင့်၊ တယောက်သော သူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့ သည် အပြစ်စီရင်ခြင်း နှင့် တွေ့ကြုံရကြသည်…၊ တယောက်သောသူသည် နားမထောင်သော အားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်…” ဟု ထပ်၍ ဖော်ပြ ထားသည် ( ရောမ ၅း၁၇-၁၉ )။  အာဒံအပြစ်၏ အကျိုးဆက်ကို လူသားအားလုံးက ဆက်ခံကြရ သည်။

အာမခံသည် ကွင်းဆက်လေးများကဲ့သို့ စရိုက်တစ်ခုထက်မက ရှိရန်လိုအပ်သည်။ လူသားများကို ကိုယ်စားပြုနိုင်ရမည်။  အာဒံသည် “ပထမ ဆုံးလူသား”  အဖြစ်ရပ်တည်နေသည်။ လူသားယေရှုခရစ်မှာမူ “နောက်ဆုံးအာဒံ၊….ဒုတိယအာဒံ” ဖြစ်သည် ( ၁ ကော ၁၅း၄၅၊ ၄၇ )။

လူသားယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည် ( ယောဟန် ၁၀း၃၀ )။ ယေရှုသည် ဘုရားသခင်၏ သားတော်လည်းဖြစ်၍ လူသားလည်းဖြစ်သည်။ “လူမိန်းမမှ မွေးဖွားလာသူ” မှန်သော်လည်း “ မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍန် တော်” လည်းဖြစ်သည် ( ဂလာတိ ၄း၄၊ ကောလောသဲ ၁း၁၅ )။ လူသားယေရှုခရစ်သာလျှင် ဘုရားသခင်နှင့် လူကြား ဖျန်ဖြေပေးသူ အာမခံဖြစ်ရန် အရည်အချင်းပြည့်မှီသူ ဖြစ်သည်။

အာမခံ၏ အလုပ်

အာမခံဖြစ်သူ လူသားယေရှုခရစ်သည် “ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောဌါ ကိုယ်ကိုကိုယ်စွန့် ( ရွေးငွေ (Ransom)ပေး) တော်မူပြီ” ( ၁တိမောသေ ၂း၆ )။ ရှင်မဿဲ ၂၀း၂၈ အရ “.. လူသားသည် သူတပါး ကို စေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှာ ၎င်း၊ မိမိအသက်ကိုစွန့်၍ လူအများကိုရွေးခြင်းငှာ၎င်း၊ ကြွလာသည် ”

ကျမ်းပညာရှင်များက “ ယေရှုသည် မည်သူ့ကို ရွေးငွေပေး ခဲ့သလဲ” ဟူသော မေးခွန်းကို ရာစုနှစ်ပေါင်းများစွာ မှန်းဆခဲ့ကြသည်။ အဘယ်မျှလောက် ရူးသွမ်းသော မေးခွန်းဖြစ်ပါလိမ့်။ ယေရှုသည် ရွေးငွေအား မည်သူ့ကိုမျှ မပေးခဲ့ချေ။ ဤနေရာတွင်တွေ့ရသော Ransom (ရွေးငွေ)သည် ဥပမာအလင်္ကာဖြစ်ပြီး ကျွနု်ပ်တို့ကို ရွေးနှုတ်ရန် ပေးဆပ်ရမည့် ကြီးမားလွန်းလှသော အဖိုးအခကို ဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်သည် မိမိကိုယ်ကို စွန့်တော်မူခြင်းအားဖြင့် ကျွနု်ပ်တို့ကို “ အဖိုးနှင့် ဝယ်တော်မူ..”၍ ရွေးနှုတ်ခဲ့သည် ( ၁ ကော ၆း၂၀၊ ရး၂၃ )။ ကျွနု်ပ်တို့ကို ရွေးယူရန်ပေးဆပ်ရမည့် အဖိုးအခမှာ ဈေးကြီးလှပြီး          “ ခရစ်တော်၏ အသွေးတော်မြတ်” ပင် ပေးဆပ်ရသည် ( ၁ ပေတရု ၁း၁၉)။ ထိုသို့ မိမိကိုယ်ကို ရွေးငွေအဖြစ် စွန့်တော်မူခြင်းသည် အပြစ်သားများကို ပြစ်ဒဏ်ပေးမည့် ဘုရားသခင်အား လူသားများ နှင့် ပြန်လည်ပေါင်းစည်းစေသည့်တိုင်အောင် တန်ဖိုးကြီးမားလှသည်။ ဘုရားသခင်နှင့် ကွဲကွာ၍ ဆိုးညစ်နေသော အပြစ်သားသည် ကားတိုင်ပေါ်  ခရစ်တော် စတေးခဲ့သော အဖိုးအခအားဖြင့် မထိုက်မတန်ဘဲ ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ခွင့် ရရှိသည်။

အမှန်စင်စစ်၊ ကာရာနီ၌ ခရစ်တော်ပြုခဲ့သော အမှုကိုထောက်ပြီး ဘုရားသခင်က လူသားများ၏ အပြစ်ကို မအောက်မေ့တော့ခြင်း ဖြစ်သည် “ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့်ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ …ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ …ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ …” (၂ ကော ၅း၁၈၊၁၉ )။ ထိုကြောင့်လည်း သင့်မြတ်ခြင်းသတင်းကောင်း ကို ဟောပြောရခြင်း ဖြစ်သည်။ “… သင်တို့သည် ရန်ငြိမ်း၍ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု …ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင် ကြ၏။”(၂ ကော ၅း၂၀)။

အာမခံက သူ့အလုပ်ဖြစ်သော ရွေးနှုတ်ခြင်းနှင့် သင့်မြတ်စေခြင်းတို့ကို ပြုခဲ့ပြီပြီး။ထိုသင့်မြတ်စေခြင်းက ဘုရားသခင်၏ အမျက်တော်ကို ပြေပျောက်စေသည်။ ထိုသို့ ပြေပျောက်မှုမရှိပါက ဘုရားသခင်နှင့် လူကြား ငြိမ်းချမ်းရေး မရှိနိုင်ပေ။ အာမခံက ကားတိုင်ထက်မှ စီးသော သူ့အသွေးတော်အားဖြင့် ဘုရားနှင့် လူကြား ငြိမ်းချမ်းရေးကို ရယူပေးခဲ့ပြီ။

အာမခံတစ်ဦး

“ဘုရားနှင့် လူကြား၌ အာမခံတစ်ဦး” တည်းသာ ရှိသည်။ နှစ်ဦး၊ သုံးဦး၊ အများမရှိပါ။ တစ်ဦးတည်းသာရှိသည်။ ထိုသူမှာ “ လူသားဖြစ်သော ယေရှုခရစ်” ပင်ဖြစ်သည်။ အပြစ်သားသည် သားတော်အားဖြင့်သာ ဘုရားသခင်ထံသို့ သွားရောက်နိုင်သည်။ ထိုသားတော်သည် ခမည်းတော်ထံ သွားနိုင်သည့် တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။ ယေရှုက ဇဝေဇဝါမဖြစ်ဘဲ ပြတ်သားစွာ ဤသို့ပြောခဲ့သည်။ “ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ( ယောဟန် ၁၄း၆ )။

ဤ သတင်းစကားသည် လူသိများသော သတင်းမဟုတ်ပေ။ ပထမရာစု ရောမခေတ်၌လည်း လူသိမများခဲ့ပေ။ ရောမသားများသည် ဘုရား အများ သက်ဝင်ယုံကြည်သောသူများပင်ဖြစ်သည်။ သူတို့သည် ယေရှုကို ပရောဖက်တစ်ပါးအဖြစ်သော်၌၎င်း၊ ဘုရားအများထဲက တစ်ပါး အဖြစ် သော်၎င်း လက်ခံခဲ့ဟန်တူသည်။ ကနဦးယုံကြည်သူများသည် လမ်းခရီး ဖြစ်သော ယေရှုခရစ်ကို ယုံကြည်သောကြောင့်သာ ညှင်းပန်း နှိပ်စက်ခြင်း၊ အသေသတ်ခြင်းတို့ကို ခံရကြသည်။  ဥပမာအားဖြင့်၊ ဧဖက်မြိ့ု၌ “ထိုအခါ ဘာသာတရားကြောင့်ရောက်သော အမှုကြီးဟူမူ ကား၊” ဟု တွေ့ရသည်။ ( တမန် ၁၉း၂၃ )။

ယနေ့ ကျွနု်ပ်တို့သည် ယုံကြည်သက်ဝင်မှု အများအပြားဝိုင်းဝန်းသော ခေတ်၌ ရှိနေကြသည်။ ကမ္ဘာကြီးသည်လည်း ရွာတစ်ရွာစာလောက် အဖြစ် ကျဉ်းမြောင်းလာသည်။ အချို့သော ဘာသာများသည် ယေရှုကို ပရောဖက်တပါး သို့မဟုတ် မြတ်သော ဆရာတပါးအဖြစ် သူတို့ ဘာသာဝါဒထဲ ထည့်သွင်းကြသည်။ သို့သော် ယေရှုကို ဘုရားနှင့် လူကြား ဖျန်ဖြေပေးသော အာမခံအဖြစ် သူတို့ လက်မခံ၊ မယုံကြည်ကြ ပေ။ လူသားအပြစ်အတွက် ကိုယ်စားအသေခံပေးခြင်းကိုသော်၎င်း၊ သူ၏ ဘုရားဖြစ်ခြင်းကို သော်၎င်း  ငြင်းပယ်ခဲ့ကြသည်။

အာနိုးဂျေ ထုန်းဘီးနှင့် အခြားလစ်ဘရယ်အမြင်များက “  ခရစ်ယာန် ဘာသာဟာ ထူးမြတ်တယ်လို့ အယုံကြည်ရှိတဲ့ အနောက်တိုင်းသား တွေ ရဲ့ ထုံးတမ်းစဉ်လာ ယုံကြည်စွဲလမ်းမှုကို ဖယ်ဖျောက်သင့်တယ်” ဟု ပြောဆိုခဲ့ကြသည်။

သို့သော် ခရစ်ယာန်ဘာသာသည် ထူးမြတ်ဆဲပင်။ ယင်းဘာသာ၏ ထူးမြတ်မှုကို လူသားဖြစ်သော ယေရှုခရစ်၌ တွေ့ရသောကြောင့်ပင်။ ခရစ်ယာန်ဘာသာနှင့် ယေရှုခရစ်မှလွဲ၍ လူသား၏ အပြစ်နှင့် ဒုစရိုက်ကို သယ်ဆောင်ခံယူသည့်တိုင် မိမိ၏ ချစ်ခြင်းမေတ္တာကို ပြသသော အဘယ် ဘုရားကို သင်ကြားသိဖူးသနည်း။ လူသားမျိုးနွယ်အတွက် ကားတိုင်ပေါ် ၌ ဘုရားသခင်သည် အဘယ်သူမျှ မပြုဖူး၊ အဘယ်သူမျှ မပြုနိုင်သော အမှုကို ပြုခဲ့လေပြီ။

ဤ အကြောင်းအရာကို အဘယ်ကြောင့် သင်ယုံကြည်သင့်ပါသလဲ။ အဖြေတစ်ခုသာရှိသည်။ အဘယ်ကြောင့် ဆိုသော် ထိုအရာသည် မှန်ကန်သောကြောင့်ပင်။ ယနေ့ သခင်ယေရှုခရစ်ကို မိမိ၏ အာမခံ၊ ကယ်တင်ရှင်၊ သခင်အဖြစ် သင်လက်ခံနိုင်ပါသည်။ ဘုရားသခင်နှင့် သင့်မြတ်ခြင်းကို သင်ရယူပါ။

Ref: http://knowingjesuschrist.com/languages/burmese-myanmar/first-steps-for-new-believers/594-one-mediator-the-man-christ-jesus